Wednesday, March 28, 2012


'စိတ်ညစ်ရင်
ရေချိုးပါ' ထွက်ပြီးစမှာပဲ ဦးဇင်း အရှင်ဆန္ဒဓိက က ''နောက် ဘာခေါင်းစဉ်နဲ့ ရေးမလဲ''လို့
မေးလာပါတယ်။ စာရေးသူက ချက်ချင်းပါပဲ ''ရဝေနွယ်(အင်းမ)အသစ်''လို့ ဖြေလိုက်ပါတယ်။ ရေးမယ့်
အကြောင်းအရာကိုလည်း ပြောပြလိုက်ပါတယ်။ ဒီတော့ ဦးဇင်းအရှင်ဆန္ဒာဓိက က ''အင်းမကို ဖြုတ်လိုက်ပါလား၊
'ရနွေယ်အသစ်'ဆို ပိုမကောင်းဘူးလား''လို့ အကြံပြုပေးပါတယ်။ ဒါကြောင့် ''ရဝေနွယ်အသစ်''
လို့ပဲ အမည်ပေးလိုက်ပါတယ်။
ဒါပေမဲ့လည်း
နှစ်နှစ်သာ ကျော်သွားတယ်၊ စာတစ်ကြောင်း တောင် မရေးနိုင်ခဲ့ပါဘူး။ ကျောင်း တိုက်တည်ထောင်စရဲ့
အလုပ်တွေ ဖြစ်တဲ့ အဆောက်အအုံ, လမ်း, သစ်ပင်, ရေမြောင်း စသည်တွေကို မကျွမ်းကျင်ဘဲနဲ့
ကိုယ်တိုင် စီမံနေရလို့ပါ။
(၂၉
. ၆ . ၂၀၁၁) နေ့မှာတော့ ဓမ္မရဝေတောရရဲ့ ကျောင်းဒကာမကြီး လည်းဖြစ်, စာရေးသူရဲ့ ရဟန်း
ဒကာမကြီး လည်းဖြစ်တဲ့ ဒကာမကြီး ဒေါ်မြသိန်းက အမေရိကားကို ဆေးပြဖို့ ပင့်သွားပါတယ်။ ရောက်စတစ်လ
ခွဲလောက်မှာတော့ ဆေးပြနေရလို့ စာမရေးဖြစ်ပါဘူး။ တစ်လခွဲ နောက်ပိုင်းမှပဲ နေမကောင်းတဲ့ကြားက
ရေးဖြစ်သွားပါတယ်။ တကယ် ချရေး လိုက်တော့လည်း စာတွေက ဝေါကနဲ ဝေါကနဲနဲ့ မထင်မှတ်ဘဲ ထွက်လာခဲ့
ပါတယ်။
ဒါပေမဲ့
ခက်တာက စာရေးသူရဲ့ လက်ရေးတွေက တော်တော်ဆိုး ပါတယ်။ လူတိုင်း မဖတ်နိုင်ပါဘူး။ မြန်မာပြည်မှာဆို
ဗဂျီလင်းဝဏ္ဏရဲ့ ညီအငယ်လေးကတော့ ဖတ်နေကျမို့ စာမူပေးလိုက်တာနဲ့ ကောင်းကောင်း စီပေးနိုင်ပါတယ်။
ပထမစိတ်ကူးက အမေရိကားမှာ ရေးခဲ့ပြီး မြန်မာပြည် ပြန်ရောက်မှပဲ အငယ်လေးကို စာစီခိုင်းတော့မယ်လို့
စိတ်ကူးထားတာပါ။
ဒါကို
အမေရိကားမှာရှိတဲ့ ဘုန်းကြီး ဦးသိရိန္ဒ (www.ashinsirinda.com)က သိသွားပြီး သူ ဓမ္မဒါန
ပါရမီဖြည့်ချင် ပါတယ်လို့ အမိန့် ရှိလာပါတယ်။ စာရေးသူရဲ့ လက်ရေးကို ဖတ်လို့မရမှန်း
သိတော့ အသံသွင်းပြီး ဘုန်းကြီးဦးသိရိန္ဒ သီတင်းသုံးရာ ပေါ့တလန်မြို့ကို အင်တာနက်ကပဲ
လှမ်းပို့လိုက်ပါတယ်။ ဒါပေမဲ့ သတ်ပုံတို့၊ မျက်တောင် အဖွင့်အပိတ်တို့၊ ကော်မာတို့၊
ပုဒ်ထီး ပုဒ်မတို့၊ စာပိုဒ်ခွဲ တာတို့ကျတော့ ခက်နေပြန်ရော။
နောက်ဆုံးတော့
ဓမ္မရဝေ တောရရဲ့ ကျောင်းအမကြီး ဒကာမကြီး ဒေါ်မြသိန်းက သူ လက်ရေးနဲ့ အချောကူးမယ်လို့ ဆိုလာပါတယ်။
ဒီတော့ စာရေးသူအတွက် အတော်လေး အဆင် ပြေသွားပါတယ်။ ကျောင်း ဒကာမကြီး အချောကူးပြီးတဲ့
စာမူတွေကို Scan ဖတ်ပြီး Email နဲ့ ဘုန်းကြီး ဦးသိရိန္ဒဆီ ပို့လိုက်ပါတယ်။ ဘုန်းကြီးဦးသိရိန္ဒ
ကလည်း ဘယ်လောက် မြန်သလဲဆို စာမူတစ်ပုဒ်ကို တစ်နာရီပါပဲ။ စာမူအမှား အမှန်ကိုတော့ ဖုန်းကို စပီကာဖွင့်ပြီး ပြင်ကြပါတယ်။ ဖုန်းကလည်း
အင်တာနက်နဲ့တွဲထားတာဆိုတော့ ၁ လမှ ကြိုက်သလောက်ပြော ၂ ကျပ် ၉၉ ပြားရယ်ပါ။ Gtalk နဲ့ဆိုရင်
ဟိုကဒီက ၀င်လာရင် Hi လုပ်နေရမှာ စိုးလို့ပါတဲ့။ အလုပ်လည်း မတွင်ကျယ်တော့ပါဘူး။
အားလုံးချောပြီဆိုမှ
Email နဲ့ မြန်မာပြည်မှာရှိတဲ့ ဂျာနယ်တိုက်ကို ပို့လိုက်တာပါ။ ဂျာနယ်တွေကလည်း အင်တာနက်ကနေ
ဖတ်လို့ရနေတာ ဆိုတော့ အဆင်ကိုပြေနေတာပါပဲ။
ဓမ္မရဝေတောရ
ကျောင်းအမကြီး ဒကာမကြီး ဒေါ်မြသိန်းကတော့ ဒီတစ်ခေါက် အမေရိကားပင့်ရတာ ''ရဝေနွယ်အသစ်''
ရေးဖြစ်တာရယ်၊ တစ်အုပ်လုံး စာကူးပေးရတဲ့ ကုသိုလ်ရယ်ကို အမြတ်နိုးဆုံး၊ အကျေနပ်ဆုံးလို့
ဆိုပါတယ်။ တစ်အုပ်လုံး စာကူးပေးတဲ့ ပါရမီကို ဖြည့်ပေးခဲ့တဲ့ ကျောင်းဒကာမကြီး ကိုလည်း
ကျေးဇူးတင်လို့ မဆုံးပါဘူး။
ဒီလိုပါပဲ။
တစ်အုပ်လုံး စာစီကုသိုလ် ပါရမီဖြည့်ပေးခဲ့တဲ့ နောင် တော်ကြီး ဘုန်းကြီးဦးသိရိန္ဒ ကိုလည်း
ရင်ထဲမှာ ကျေးဇူးကမ္ပည်း ထိုးပါတယ်။ တကယ်လို့သာ
ဓမ္မရဝေတောရ ကျောင်းအမကြီးက စာမူချော ကူးမပေးနိုင်ခဲ့ရင်၊ ဘုန်းကြီးဦးသိရိန္ဒကသာ စာစီမပေးနိုင်ခဲ့ရင်
မြန်မာပြည်ပြန် ရောက်မှပဲ 'ရဝေနွယ်အသစ်'ကို စာဖတ်သူတွေဆီ ပို့နိုင်တော့မှာပါ။ ဒါပေမဲ့
အမေရိကားမှာ ရှိစဉ်အတွင်းမှာပဲ မြန်မာပြည်မှာရှိတဲ့ ပရိသတ်တွေ စောစောစီးစီး ဖတ်ခွင့်ရအောင်
စာစီပေးခဲ့တဲ့ ဘုန်းကြီးဦးသိရိန္ဒနဲ့ ကျောင်းဒကာမကြီးကို ထပ်မံကျေးဇူးစကား ဆိုပါရစေ။
အမေရိကားမှာ
ရှိနေစဉ်အတွင်း အေးအေးချမ်းချမ်း စာရေးနိုင်အောင် ကျောင်းဒကာမကြီးနဲ့ လက်တွဲပြီး ဆွမ်းကွမ်း
ဝေယျာဝစ္စ ချက်ပြုတ်ပေးခဲ့တဲ့ ကျောင်းဒကာမကြီးရဲ့ ညီမ မကြီး (နာမည်ကျော် ပဲကုလားဟင်း)
ကိုလည်း ထပ်တူထပ်မျှ ကျေးဇူးတင်ပါတယ်။
စာမူထည့်ပေးတဲ့
ဂျာနယ်များကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ''အရှင်ဆန္ဒာဓိက အသစ်'' အမှာစာကို ရေးပေးရုံမက
''တရားတွေ သိပ်မဟောနဲ့၊ စာပဲ ဖိရေးပါ''လို့ တိုက်တွန်းရင်း ဖုန်းပြောပြီးတဲ့အခါ ''စာတွေ
အများကြီး ရေးနိုင်သော'' စသည်ဖြင့် ဆုတွေ တစ်လှေကြီးပေး တတ်တဲ့ ဦးဇင်း အရှင်ဆန္ဒာဓိက
ကိုတော့ အထူး ပြောစရာ မလိုတော့ပါဘူး။
တရားက
မဟောချင်ပါဘူး။ စာပဲရေးချင်တာပါ။ တရားပွဲ လက်ခံထားရင် စိတ်သိပ်ဖိစီးတာပါ။ တစ်ခါတလေဆို
ဦးဇင်း အရှင်ဆန္ဒာဓိက က ''တရားမဟောဘဲ နေနိုင်သော'' ဆိုပြီး မေတ္တာပို့ပေး တတ်ပါတယ်။ ဘ၀မှာ
ဘယ်လို မွန်းကြပ်မှုမျိုးတွေ ရှိနေရှိနေ စာရေးနေရရင် ပျော်နေတာပါ။
ဒီလိုပါပဲ။
အင်္ဂလန်ကနေ Email နဲ့ အမှာစာရေးပေးရင်း ဦးဇင်း အရှင်ဆန္ဒာဓိက ဆုပေးအတိုင်း ''စာတွေ အများကြီးရေးနိုင်သော''
မေတ္တာပို့ပေးတဲ့ ဆရာမလွန်းထားထား (ဆေးတက္ကသိုလ်) ကိုလည်း ကျေးဇူးမှတ်တမ်း တင်ပါတယ်။
တစ်နေ့သော အခါမှာတော့ ''တရား မဟောဘဲနေနိုင်သော စာကို အေးအေးချမ်းချမ်း ရေးနိုင်ရပါလို၏''
လို့ပဲ ကိုယ့်ကိုယ်ကို ဆုတောင်း လိုက်ရပါတော့တယ်။
မေတ္တာဖြင့် ...
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
ဓမ္မရဝေတောရ
(၁၄-၁-၂၀၁၂)
yawainwe18@gmail.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment