Pages

About KKK

KK ဆီရောက်လာသူများ

KK's Facebook

Saturday, March 24, 2012
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ရဲ့ “အရှင်ဆန္ဒာဓိက အသစ်” အမှာစာ

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ကွန်ပျူတာစာလုံးလေးစီ၊ အနေတော် ကတ်ပြားလေးထုတ်၊ ပလတ်စတစ်လေး လောင်းပြီး စာရေးစားပွဲရှေ့က ကျောင်းတိုက်မကြီးရဲ့ နံရံကပ်ပစ္စည်းတင် စင်လေးပေါ်မှာ မြင်သာထင်သာ ထောင်ထားရရင် ကောင်းမလားလို့ ခုတစ်လော မကြာခဏ တွေးနေ မိပါတယ်။  လုပ်ချင်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်သင့်ဆုံး အလုပ်ကိုပဲ အဓိက ဦးစားပေးလုပ် ဖြစ်သွားဖို့နဲ့ လုပ်သင့်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်ချင်ဆုံး  အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်နေဖို့ အတွက်ပါ။

တိကျပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ အဓိကအလုပ်ကို ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် လုပ်ဖြစ်နေချင်လို့ “အရှင်ဆန္ဒာဓိက အသစ် ဘယ်တော့များ  ဖြစ်လာမလဲ” လို့ တွေးတွေးနေမိတာ နေ့စဉ်နေ့တိုင်းပါပဲ။

“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စပြောဖြစ်ခဲ့တာပါ။ ၂-၂-၂၀၀၂ ဆိုတော့ (၂)လေးလုံးနေ့ကပေါ့။ အဲ့ဒီနေ့က နီပေါနိုင်ငံ၊ ခတ္တမန္ဒူလေဆိပ်ကနေ လုမ္ဗိနီလေဆိပ်ကို ဦးတည်ပျံသန်း လာတဲ့ စာရေးသူတို့ရဲ့ တွင်အော်တာ အမျိုးအစား လေယာဉ်ငယ်လေးကို ပြင်းအားများတဲ့  မိုးကြိုး ထိမှန်ခဲ့ပါတယ်။ လေယာဉ်ကို မိုးကြိုးပစ်ပြီလို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်က ရွှေပါရမီအဖွဲ့သားတွေ လက်အုပ်ကိုယ်စီချီပြီး ဘုရားစာ ရွတ်လိုက်၊ ဘုရားဂုဏ်တော် ပွားလိုက်နဲ့  အားလုံး သတိအနေအထားဖြစ် သွားပါတယ်။ လေယာဉ် ဘယ်အချိန် မီးလောင်ပြီး ပျက်ကျမလဲ ဆိုတဲ့အတွေးနဲ့ အားလုံးပဲ တိတ်ဆိတ်ငြိမ်သက်စွာ...။ တစ်ယောက်မျက်နှာတောင် တစ်ယောက်မကြည့်မိကြ။ ကိုယ့်တရား  အာရုံလေးနဲ့ ကိုယ်၊ ကိုယ့်ကုသိုလ်အာရုံလေးနဲ့ ကိုယ်သေဖို့ အသင့်အနေအထား ပြင်ဆင်ခဲ့ကြ ပါတယ်။

နဂိုကတည်းက တလှုပ်လှုပ် တခါခါ ဖြစ်နေတဲ့ ခရီးသည် (၁၈) ယောက်ပဲ ဆံ့တဲ့ တွင်အော်တာ လေယာဉ် အသေးစားလေးဟာ ဆိုးရွားလှတဲ့ လေထု၊ တိမ်ထုကြားမှာ  တယိမ်းယိမ်း တထိုးထိုးနဲ့ လောကဓံကို အန်တုနေရ ရှာပါတယ်။ ရှေ့ဆက်သွားရမယ့် လေယာဉ်လမ်းကြောင်းကို လုံးဝမမြင် တွေ့ရတော့တဲ့ အတွက် နောက်ကြောင်း ပြန်လှည့်ခဲ့ရတဲ့ ဗုဒ္ဓအဲလိုင်းက လေယာဉ်ငယ်လေးဟာ ဟိမဝန္တာတောင်နံရံ နဲ့လည်း အချိန်မရွေး တိုက်မိ ပျက်ကျနိုင်ပါသေးတယ်။ (မနေ့ တစ်နေ့ကမှ အဲ့ဒီလို တစ်စီးဖြစ်ခဲ့  ဖူးသေးတယ်လေ)

 ကံကောင်းထောက်မစွာ .. ခတ္တမန္ဒူလေဆိပ်ကို လေယာဉ် ပြန်လည်ဆင်းသက် နိုင်ချိန်မှာတော့ ... လေယာဉ်ပေါ်က ဆင်းဆင်းချင်း... “ဦးဇင်းတော့ အရှင်ဆန္ဒဓိက  အသစ်ဖြစ် သွားပြီ” လို့ပြောလိုက်မိပါ တော့တယ်။ ရွှေပါရမီ ကျောင်းဒကာ၊ ကျောင်းအမကလည်း အားကျမခံ ပြန်ပြောလိုက်ပါတယ်။
“တပည့်တော်လည်း ရှိန်ဝင်းအသစ် ဖြစ်သွားပြီ”
“တပည့်တော်လည်း ခင်ချိုဦး အသစ်ဖြစ်သွားပြီ”
ခမည်းတော်ကြီး ကတော့ နှုတ်က ဘာမှထုတ်မပြောဘဲ ပြုံးပြုံး ကြီးလုပ်နေလို့ အဲ့ဒီအပြုံးရဲ့ အဓိပ္ပာယ်ကို အပြေးအလွှား ဖွင့်ဆိုကြည့် လိုက်တော့ “တပည့်တော်လည်း  စိန်ဝင်း အသစ်ပါ” .. တဲ့။ 

နောက်တစ်နေ့ မနက်ထွက်တဲ့ ဟိန္ဒူသတင်းစား တစ်စောင်မှာ “မြန်မာသံ အမတ်ကြီး စီးနင်းလိုက်ပါလာတဲ့ လေယာဉ် လွန်စွာ အင်အားပြင်းထန်သော မိုးကြိုးပစ်ခံရ” ဆိုတဲ့  သတင်းပါလာပါတယ်။ စာရေး သူတို့ရဲ့ သီးသန့် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ကို ဦးဆောင်သူက နီပေါဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေဝင်းနဲ့ ဇနီး ဒေါက်တာ  နွယ်နွယ်လှိုင်ပါ။
          သေရွာပြန်လို့ ဆိုနိုင်တဲ့ “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ ခံစားမှုက တစ်နှစ်ကို နှစ်အုပ်နှုန်းပဲ စာရေးမယ်လို့ ဆုံးဖြတ်ထားတဲ့ စာရေးသူကို ဟောတရားတွေ  မြန်မြန် ကုန်အောင် ရေးဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။
          “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ မောင်းနှင်အားကြောင့် အသက်(၄၀) မှာ အုပ်ရေ (၄၀) ပြည့်အောင် စာရေးနိုင်ခဲ့ ပါတယ်။ အသက်(၃၀)က စရေးခဲ့တာမို့ စာရေး  သက်(၁၀)နှစ်ပြည့် အမှတ်တရပါ။ တစ်နှစ် နှစ်အုပ် နှုန်းမှန်းထားရာက တစ်နှစ်လေးအုပ်နှုန်း ဖြစ်သွားတယ်ဆိုတော့ လုပ်ငန်း စွမ်းဆောင်ရည် နှစ်ဆတိုးသွားခဲ့တာပေါ့။
          သေခြင်းတရားဟာ တွန်းအားပြင်းထန်ဆုံး သူငယ်ချင်းချစ်သူ လေးပါလား ...။
 ကျေးဇူးပါပဲ တွင်အော်တာလေးရယ် ....။
“အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့စကားလုံးလေးကို “နောင်တ ရစရာမလိုအောင် အလုပ်လုပ်ထားသူ” ဆိုတဲ့ အဓိပ္ပာယ်နဲ့ တစ်သားတည်း ဖြစ်နေ စေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အရှင်ဆန္ဒာဓိက အဟောင်းက အလုပ်နဲ့ ပတ်သတ်ရင် တစ်ခါတစ်ရံမှာ နောင်တတရားနဲ့ လည်း ပတ်သက်နေရ တတ်လို့ပါ။ စာရေးသူရဲ့ မနက်ပိုင်း အချိန်ကို စိတ်ကျေနပ်မှုရှိ မရှိ ရေချိုးချိန်မှာ သိနိုင်ပါတယ်။ နေ့ဆွမ်းမစားမီ ၁၁ နာရီဝန်းကျင် ရေချိုးချိန်ဟာ စာရေးသူရဲ့ မနက်ပိုင်းကာလ  အချိန်စီမံခန့်ခွဲ မှုအပေါ် ကျေနပ်အားရမှု ရှိမရှိ အဆုံးအဖြတ်ပေးတဲ့ အချိန်ပါ။
          မနက်ပိုင်းအချိန်ကို “စာရေးချိန်” လို့ သတ်မှတ်ထားတဲ့ အတွက် သတ်မှတ်ထားတဲ့ အတိုင်း စာ တကယ်ရေးဖြစ် တယ်ဆိုရင် စာရေးချိန် ပြည့်သွားလို့ ရေချိုးနေတဲ့ အချိန်မှာ အင်မတန် စိတ်ကျေနပ်မှု ဖြစ်ရပါတယ်။ “သူ့ အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို တိတိကျကျ လုပ်ဖြစ်သွားပီ” ဆိုတဲ့ အတွေးကြောင့် ဖြစ်ရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။ တစ်ပိုဒ်ပဲ ရေးဖြစ် ရေးဖြစ်၊ တစ်မျက်နှာပဲ ရေးဖြစ် ရေးဖြစ် ... စာရေးဖြစ်တယ် ဆိုရင်ကိုပဲ “ဒီနေ့ မနက်တော့ စာရေးဖြစ်သွားပြီ” ဆိုတဲ့ အတွေးနဲ့ ပီတိတွေ  တသိမ့်သိမ့် ဖြစ်ရပါတယ်။ စာရေးဖြစ်တဲ့ နေ့ဆို ရေချိုးရတာ အရသာ ရှိမှရှိ ..။ ရေချိုးတဲ့အလုပ် လုပ်နေရတာကိုက အဓိပ္ပာယ် လေးနက်နေသလိုလို...။ ရေချိုးနေရင်း  မေတ္တာပို့လို့လည်း ကောင်၊ ဂုဏ်တော် ပွားလို့လည်း ကောင်း၊ ဝိပဿနာရှုလို့ လည်း ကောင်း၊ အားလုံး အားလုံး ကောင်းမှကောင်း ...။ အံမယ် ... ကြေးတွန်းရတာ တောင်  အရသာရှိ နေသေး ...။
          ဟိုစာအုပ်လေး ဆွဲဖတ်လိုက်၊ ဒီစာစောင်လေး ကောက်လှန်လိုက်နဲ့ စာပဲ ဖတ်ဖြစ်ပြီး စာလုံးဝ မရေးဖြစ်တဲ့ နေ့ဆို ရေချိုးရတာ လုံးဝအရသာ မရှိတော့ပါဘူး။ အချိန်ကျလို့သာ ရေချိုးခန်း ဝင်လိုက်ရတယ်..။ ခြေလှမ်းတွေက လေးကန်လို့ ...။ “ဒီနေ့စာလုံးဝ မရေးဖြစ်လိုက်ဘူး” ဆိုတဲ့ အတွေးက ကိုယ့်ကိုကိုယ် မကျေမနပ် ဖြစ်စေပါတယ်။ တစ်မနက်လုံး ဖတ်ထားတဲ့ စာတွေက အချက်အလက် ဘယ်လောက်ပဲ ကောင်းကောင်း ...  ရေချိုးချိန်မှာ စိတ်ကျေနပ်မှု လုံးဝ မပေးနိုင်တော့ပါဘူး။
          မနက်ပိုင်း အချိန်ပဲ ကိုယ့်စိတ်နဲ့ ကိုယ့်ဦးနှောက်က စာရေးလို့ ကောင်းတာဆိုတော့ နေ့လယ်ပိုင်းမှာ ပြန်အစားထိုးဖို့ ကလည်း မဖြစ်နိုင်တော့ ဘူးလေ။ မနက်ပိုင်း စာမရေးဖြစ်ရင် အဲ့ဒီနေ့ အတွက် စာရေးခွင့် ကုန်ဆုံးသွားပါပြီး။ သူ့အချိန်နဲ့သူ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို တိတိကျကျ မလုပ် ဖြစ်သမျှတော့ စိတ်ကျေနပ်မှုလည်း မရနိုင်သလို အလုပ်လည်း မတွင်ကျယ် နိုင်ပါဘူး။ အလုပ်ကို တန်ဖိုးထားသူတိုင်း သူ့အချိန်နဲ့ သူ့အလုပ် အံဝင်ခွင်ကျ ဖြစ်အောင် စီမံခန့်ခွဲတတ်ဖို့ သိပ်အရေးကြီး ပါတယ်။
          ခြွင်းချက် တစ်ချို့မှာအပ သူ့အချိန်နဲ့သူ ကိုယ်သတ်မှတ်ထားတဲ့ အလုပ်ကို တိကျပြတ်သား စွာစိတ်နိုင် ကိုယ်နိုင် လုပ်ဖြစ်နေရင် စိတ်ကျေနပ်မှုလည်းရ၊ အလုပ်လည်း ကိုယ်မျှော်မှန်း ထားတာထက် အများကြီး ပိုပြီးမြောက်ပါတယ်။ “စိတ်ကို နိုင်နင်းသူ၊ အလုပ်ကို နိုင်နင်းသူ” ဆိုတဲ့ ဂုဏ်ပုဒ် (သဘာဝ တရားက လျှို့ဝှက်စွာပေးအပ်တဲ့ လူမသိ ရှင်မကြား ဂုဏ်ပုဒ်) ကြောင့် ကိုယ့်ကိုကိုယ် ကြည်ညိုလေးစားစိတ် လေးနက်စွာ ဖြတ်ထွန်းစေနိုင် ပါတယ်။ စိတ်မနိုင်၊ အလုပ်မနိုင်ခြင်းကြောင့် ဖြစ်ရမယ့် 
နောင်တ တရားတွေ နဲ့လည်း မပူလောင်၊ မနောက်ကျရတော့ ပါဘူး။
          ဘယ်အလုပ်ပဲ လုပ်လုပ်၊ လုပ်နေဆဲ ကာလမှာ အရသာရှိနေရုံနဲ့ မပြီးသေးပါဘး၊ လုပ်ပြီး ကာလမှာလည်း အရသာ ရှိနေဖို့ လိုပါတယ်။ သူ့အချိန်နဲ့ သူ၊ သူ့အလုပ်နဲ့ သူ လိုက်လျောညီ ထွေဖြစ်နေရင် လုပ်နေဆဲမှာ လည်းအရာသာရှိ၊ လုပ်ပြီး ချိန်မှာလည်း အရသာရှိတဲ့ အတွက် ဘယ်အလုပ် ကြောင့်မှ နောင်တ မရတော့ပါဘူး။ စာရေးသူ မကြာခဏ နှလုံးသွင်း ဆင်ခြင်ဖြစ်တဲ့ ဂါထာနှစ်ပုဒ် ရှိပါတယ်။ ဆန့်ကျင်ဘက် အဓိပ္ပာယ်ကို ပြဆိုထားတဲ့ အတွဲလိုက် ဂါထာပါ။ စာရေးသူ အကြိုက်ဆုံးဂါထာတွေထဲက ထိပ်တန်း နှစ်ပုဒ်ပါပဲ။

တစ်ပုဒ်က ....
          နတံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
          ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။
(ဓမ္မပဒဂါထာ - ၆၇)

အဓိပ္ပာယ်ကတော့ ...
“အလုပ်တစ်ခုကို လုပ်လိုက်လို့ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ သတိရတိုင်း သတိရတိုင်း နောင်တ တရားတွေနဲ့ ပူလောင်ပင်ပန်း ရတယ်ဆိုရင် အဲ့ဒီ အလုပ်မျိုးကို လုံးဝ မလုပ်တာဘဲ ကောင်းပါတယ်။ အလုပ်တစ်ခုရဲ့ အကျိုးတရားကို မျက်ရည်ရွှဲ မျက်နှာနဲ့ ငိုငိုကြွေးကြွေး ဆွေးဆွေးလျလျ ဆင်းရဲစွာ ခံစားရတယ် ဆိုရင် အဲ့ဒီအလုပ်မျိုးဟာ လုံးဝ မလုပ်သင့်တဲ့ အလုပ်ပါပဲ” .. တဲ့။
နောက်တစ်ပုဒ်ကတော့ ...
          တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
          ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။
(ဓမ္မပဒဂါထာ - ၆၈)

အဓိပ္ပာယ်ကတော့ ....
“အလုပ်တစ်ခုကို လုပ်လိုက်လို့ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ သတိရတိုင်း သတိရတိုင်း နောင်တ တရားတွေနဲ့ ပူလောင်ပင်ပန်း ရခြင်း လုံးဝ မရှိဘူးဆိုရင် အဲ့ဒီ အလုပ်မျိုးကို လုပ်တာဟာ သိပ်ကောင်းပါတယ်။ အလုပ် တစ်ခုရဲ့ အကျိုးတရားကို နှစ်သက်ရွှင်လန်းစွာ၊ ဝမ်းမြောက် ကြည်နူးစွာ ချမ်းချမ်းသာသာ ခံစားရတယ်ဆိုရင် အဲ့ဒီအလုပ်မျိုးဟာ မလုပ်မဖြစ် လုပ်သင့်တဲ့ အလုပ်ပါပဲ” ... တဲ့။
          သူ့အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို တိတိကျကျ လုပ်ဖြစ်တဲ့ နေ့ဆိုရင် ကိုယ့်ကိုကိုယ် “အရှင်ဆန္ဒာဓိက အသစ်”လို့ သတ်မှတ်ပါမယ်။ မလုပ်ဖြစ်တဲ့ နေ့ဆိုရင်တော့ အရှင်ဆန္ဒာဓိက အဟောင်းပေါ့။
          မနက်ပိုင်း အချိန်မှာ စာရေးဖြစ်တဲ့ နေ့ဆိုရင် ကိုယ့်ကိုကိုယ် “အရှင်ဆန္ဒာဓိက အသစ်”လို့ သတ်မှတ်ပါမယ်။ မရေးဖြစ်တဲ့ နေ့ဆိုရင်တော့ အရှင်ဆန္ဒာဓိက အဟောင်းပေါ့။
            အရှင်ဆန္ဒာဓိက အသစ်
          နေ့တိုင်း ဖြစ်ဖို့
          အားသစ်ရွှင်လန်း
          ကြိုးစားစမ်းပါ
          ဝမ်းသာပါရစေ အရှင်ဆန္ဒာဓိကရေ... ။
          “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံး လေးကို သေခြင်းတရား နဲ့ဆက်စပ်ပြီး ဒုတိယအကြိမ် ပြောဖြစ်တာက ၂၀၀၉ခုနှစ်၊ ဇွန်လ(၄) ရက်နေ့ ညကပါ။ အဲ့ဒီနေ့က ... ညနေ ၅ နာရီခွဲမှာ မုံရွာ၊ ဗောဓိတစ်ထောင်၊ ကမ္ဘာ့ အကြီးဆုံး ရပ်တော်မူ ဘုရားကြီးရဲ့ ခန္ဓာကိုယ်ကြီးရဲ့ ခန္ဓာကိုယ်တော် အတွင်းပိုင်း အဆောက် အအုံထဲက စာရေးသူတို့ စီးနင်းလိုက်ပါလာတဲ့ လုပ်ငန်းခွင်သုံး ဝန်ချီစက် မတော်တဆ ပြုတ်ကျခဲ့ပါတယ်။ စီးဖော်စီးဖက် (၈)ဦးလုံး ခါးနဲ့ခြေထောက် အသီးသီး ထိခိုက်ဒဏ်ရာ ရကြတဲ့ နေရာမှာ စာရေးသူလည်း ခါးနာ၊ ခြေကျိုး ဖြစ်ခဲ့ရပါတယ်။ ဒူးပြဲတာကတော့ အဆစ်ပေါ့။
         
 မုံရွာ၊ ပြည်သူ့ ဆေးရုံနဲ့ မြင့်မြတ် ဆေးခန်းမှာ အကြမ်းဖျင်း ဆေးကုသမှု ခံယူပြီးတာနဲ့ မန္တလေး၊ အရိုးအထူးကု ဆေးရုံကြီးဆီကို စစ်ကိုင်း တိုင်းမှူးစီစဉ်ပေးတဲ့ ယာဉ်တန်းရှည်ကြီးနဲ့ ညတွင်းချင်း တဖြည်းဖြည်း မောင်းလာလိုက်တာ ည(၁၂) နာရီကျော်မှပဲ မန္တလေးကို ရောက်ပါတော့တယ်။ အားလုံးကျိုးပဲ့ ပျက်စီးနေကြလို့ ဖြည်းဖြည်း လိမ့်လိမ့်ပဲ မောင်းရတာပါ။
          မန္တလေး ရောက်ရောက်ချင်း စိုးရိမ်တကြီး မျက်နှာတွေနဲ့ အသင့်စောင့်ကြိုနေကြတဲ့ ဒကာ ဒကာမတွေက “အံမယ်လေး ... ကံကောင်းလိုက်တာ အရှင်ဘုရားရယ် ...၊ တကယ်ဆို သေရမှာ”လို့ ဆီးပြီး အားပေးကြပါတယ်။ “တကယ်ဆို သေရမှာ”လို့ ဝိုင်းပြီး အားပေးလိုက်ကြတော့ စာရေးသူလည်း တော်တော် အားရှိသွားတာပေါ့။ ဟုတ်တယ်လေ...၊ ဘုရားကြီးရဲ့ ကိုယ်ထည် အတွင်းပိုင်း (၃၁)ထပ်မှာ (၂၇) ထပ်ကနေ (၁၈) ထပ်ထိ တပ်ဆင်ထားတဲ့ ဝန်ချီစက်နဲ့ ပြန်အဆင်း၊ (၂၅) ထပ်လောက် အရောက်ကနေ (၁၈)ထပ် သမံသလင်းအထိ ၂စက္ကန့်၊ ၃စက္ကန့် အချိန်လောက်နဲ့ တစ်ရှိန်ထိုး ပြုတ်ကျ၊ သမံတလင်းပေါ်မှာ ဘာရာဘာ အခံမျှ မရှိ၊ သမံတလင်းနဲ့ လူတွေရဲ့အကြား ပျဉ်ချပ်တစ်ချပ်ပဲ ခြား၊ ဝန်ချီစက် ပတ်ပတ်လည်မှာလည်း ဘာအကာအရံမှ မရှိ၊ အထပ်တိုင်းမှာလည်း လေးဖက်လေးတန် ကွန်ကရစ်ဘောင်တွေ၊ တစ်ထပ်ကို အမြင့် (၁၂)ပေ၊ (၇)ထပ်စာ ပြုတ်ကျတာဆိုတော့ အမြင့်(၈၄)ပေ၊ ဒီတော့ “တကယ်ဆို သေရမှာ” ဆိုတဲ့ သူတို့ အားပေးစကားက ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အခုကတော့ ကြိုးရစ်ဘီးမှာ မူလီပြုတ် ထွက်သွားလို့ ကြိုးမထိန်းနိုင်ဘဲ ပြုတ်ကျခဲ့ရုံမို့ပါ)
          ဘယ်လိုပဲဖြစ်ဖြစ်... သူတို့ အားပေးသလို ကိုယ့်ကိုကိုယ် “သေရွာပြန်” လို့ပဲ သဘောထားလိုက်ပါတယ်။ ဒါကြောင့်လည်း  ည(၁၂) နာရီခွဲ ကျော်ကျော် ခွဲစိတ်ခန်းထဲ ဝင်ခါနီးလေးမှာ တစ်ခဲနက် လာရောက် အားပေးကြတဲ့ ရွှေမန်း ပရိတ်သတ်ကို “ဦးဇင်းတော့ အရှင်ဆန္ဒာဓိက အသစ်” ဖြစ်သွားပြီလို့ ပြုံးပြုံးကြီး နှုတ်ဆက်ရင်း ခွဲစိတ်ခန်းထဲ ဝင်ခဲ့လိုက်ပါတော့တယ်။
          ည(၁၂)နာရီ ခွဲကျော်ကျော်လောက် ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ အချိန်မှာတော့ တကယ်ကို အရှင်ဆန္ဒာဓိက အသစ် ဖြစ်သွားပါတယ်။ ဘယ်ခြေရော၊ ညာခြေရော၊ ခြေထောက် နှစ်ဖက်လုံး ကျော်ပတ်တီး အဖွေးသားနဲ့၊ ညာဘက်လက်မှာ ဆေးသွင်းပိုက် တန်းလန်းနဲ့ ပုလင်းကြီး ချိတ်လို့၊ လကမ္ဘာပေါ်တက်တဲ့ အာကာသ ယာဉ်မှူးပုံစံ၊ ဒီဇိုင်းက လန်းမှလန်း ...။ နာကျင်မှု၊ လေးလံမှုတွေကြောင့် လှုပ်လည်း မရ၊ စောင်းလည်းမရ၊ အိုင်စီယူ (အထူးကြပ်မတ် ကုသခန်း) ထဲက လူနာကုတင်ပေါ်မှာ ပက်လက်ကလေး...။

ဒါမှ အရှင်ဆန္ဒာဓိက အသစ်...။
        
  ခြေထောက်ကျိုးပြီး နောက်ပိုင်း ကိုယ်နဲ့သေခြင်းတရားနဲ့ အရမ်းနီးကပ်နေသလို ပိုခံစားရတဲ့အတွက် မသေခင် အချိန်ပိုင်းလေးမှာ အများအကျိုးကို သယ်ပိုးနိုင်သလောက် သယ်ပိုးသွားချင်တာရယ်၊ နည်းလမ်း ပေါင်းစုံနဲ့ အားပေးစောင့်ရှောက် ခဲ့ကြတဲ့ စာဖတ်ပရိတ်သတ်နဲ့ တိုင်းသူပြည်သား တွေရဲ့ မေတ္တာ တရားကို အကောင်းဆုံး တုံ့ပြန်ချင်တာရယ်ကြောင့် ခြေထောက် ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲ ဆင်းရဲ ပင်ပန်းနေကြတဲ့ ကြားထဲကပဲ စာအုပ်နှစ်အုပ် ရေးဖြစ်သွားပါတယ်။ ခြေထောက် နှစ်ဖက်လုံး မလျှောက်နိုင်သေးတဲ့ အချိန် (အောက်ခြေ လွတ်နေတဲ့ အချိန်) တွေမှာ လူနာကုတင်ပေါ် ထိုင်ရင်း ရေးဖြစ်ခဲ့တဲ့ စာအုပ်က “တို့လည်း လိုက်မယ် ချန်မထားနဲ့” စာအုပ်...။ ခြေထောက် တစ်ဖက်လည်း လျှောက်နိုင်သေးတဲ့ အချိန် (ခြေတစ်ပေါင် ကျိုးပြိုင်ပွဲ ဝင်နေတဲ့အချိန်) တွေမှာ စာရေးကုလား ထိုင်ပေါ် ခြေထောက်တစ်ဖက် တန်းတန်းကြီး တင်ထားရင်း ရေးဖြစ်ခဲ့တဲ့ စာအုပ်က “တစ်ပွင့်ပန်လည်း လှပါတယ်” စာအုပ်...။
          
          စနေအစ စနေအဆုံး စာအုပ်နှစ်အုပ်...။ အရှင်ဆန္ဒာဓိက အသစ်ရဲ့ သင်္ကေတ နှစ်ခု...။
          တစ်ဘဝလုံးအတွက် အမှတ်တရ ဖြစ်ခဲ့လို့.. ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။
         
 “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ခေါင်းစဉ်တပ်ပြီး “ပြုတ်ကျ ဘဝရဲ့ ဒုက္ခအလှ” အတွေ့အကြုံလေး တွေကို ဆောင်းပါးရှည် စာအုပ်တစ်အုပ် မှတ်တမ်း တင်ရေးသားဖို့ စိတ်ကူးမိပေမယ့် အကြောင်းမညီညွှတ်လို့ မရေးဖြစ်တော့ပါဘူး။ ပြုတ်ကျဖော် ပြုတ်ကျဖက်၊ ကျိုးဖော်၊ ကျိုးဖက် ဆရာတော် ရဝေနွယ်ကတော့ “ရဝေနွယ် အသစ်” ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ ဆောင်းပါးရှည် ရေးဖြစ်သွား ပါတယ်။
         
 “တပည့်တော်က အရြှင်ဘုရား ခြေထောက်ကျိုးတဲ့ အတွေ့အကြုံ လေးတွေ ပါမယ်မှတ်နေတာ ...၊ “ရဝေနွယ် အသစ်” ဆိုတော့ ရဝေနွယ်ရဲ့ ဘဝ ဇာတ်ကြောင်းလေးတွေ၊ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေ၊ ရင်တွင်းခံစားချက် လေးတွေ ပါမယ် အောက်မေ့လို့...၊ ပါမလာဘူးနော်” လို့ စာရေးသူက ပြောတော့ ဆရာတော် ရဝေနွယ်က ...

“တပည့်တော် ကိုယ့်အကြောင်းကိုယ် မရေးရဲလို့ပါ” ... တဲ့။ ရိုးသားလိုက်တဲ့ အဖြေ ...၊ ကြည်ညိုပါတယ် ဘုရား...။မရေးရဲလို့ မရေးဖြစ်ပေမယ့် ကိုယ့်ဘာသာတွေးပြီး ကိုယ့်ဘာသာ ဆုံးဖြတ်ထားတဲ့ ရင်တွင်းဖြစ်လေးတွေ တသီတတန်းကြီး ရှိလိမ့်မယ်လို့တော့ မှန်းဆရပါတယ်။ “ဘယ်သူမြင် ဘယ်သူသိမှာလဲ၊ သူရှိတယ် ကိုယ့်ရင်ထဲ၊ အမြဲငြိတွယ်” ပေါ့နော...။ “သူ” ဆိုတော့ အဖြစ်အပျက်တွေ၊ ခံစားချက်တွေ၊ သင်ခန်းစာတွေ၊ သုံးသပ်ဆုံးဖြတ် မှုတွေကို ပြောတာပါ။ စာဖတ်သူတိုင်းကတော့ စာရေးသူတွေရဲ့ ကိုယ်တွေ့ အဖြစ်အပျက် ခံစားချက်တွေကို ဖတ်ချင်ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သဘောတရား သက်သက် ဖတ်ရရင်လည်း ကိုယ်တွေ့နဲ့ နှိုင်းယှဉ်ပြီး ခံစားသုံးသပ်နိုင်တဲ့ အတွက် ကျေနပ်ပါတယ်။ စာရေးသူရဲ့ “အတွေ့အကြုံ”ကို စာဖတ်သူရဲ့ “အတွေ့အကြုံ”နဲ့ ပေါင်းစပ်ပြီး လက်တွေ့ ဘဝထဲမှာ အံဝင်ခွင်ကျ အသုံးချ ဖြစ်ဖို့က စာဖတ်သူတိုင်းရဲ့ တာဝန်ပဲ မဟုတ်ပါလား...။
           
“ရဝေနွယ်အသစ်” ထဲမှာပါတဲ့ သဘောတရားတွေဟာ ရဝေနွယ် အသစ်ဖြစ်အောင် ထုဆစ် ပုံဖော်မယ့် ကိရိယာတန်ဆာ ပလာတွေပါ။ အဲဒီ ကိရိယာ တန်ဆာပလာတွေ အတိုင်း စာဖတ်သူက စာဖတ်သူရဲ့ ဘဝကို ထုဆစ် ပုံဖော်ရင် စာဖတ်သူလည်း “စာဖတ်သူအသစ်” ဖြစ်သွားမှာပါ။
         
 “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို “စိတ်ဓာတ် အသစ်၊ လုပ်ရင်အသစ်”      ဆိုတဲ့ စကားလုံးလေးနဲ့ တွဲပြီးမြင်ပါတယ်။စိတ်ဓာတ်နဲ့ လုပ်ရပ်ဟောင်းနေရင် လူအဟောင်း၊ စိတ်ဓာတ်နဲ့ လုပ်ရပ် သစ်နေရင် လူအသစ်...။
          လောဘ၊ ဒေါသ၊ မောဟ (အတိုချုပ်ပြောတော့ လော ဒေါ မော) ဆိုတာ သံသရာ တစ်လျှောက်လုံး အမြဲတမ်း ပေါင်းသင်းခဲ့တဲ့ အဟောင်း တရား...။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ လော ဒေါ မော တွဲနေရင် စိတ်ဓာတ် အဟောင်း၊ လုပ်ရပ်အဟောင်း ...၊ လူလည်း အဟောင်း။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ လော ဒေါ မော တွဲမနေရင် စိတ်ဓာတ် အသစ်၊ လုပ်ရပ် အသစ် ...၊ လူလည်း အသစ်။
          “အဟောင်း ပျောက်လို့ အသစ်ရောက်”တဲ့ “လူ အသစ်” ဖြစ်ချင်ရင် လောဘ ခေါင်းပါးရမယ်၊ ဒေါသ လျော့ပါးရမယ်၊ မောဟ လွင့်ပါးရမယ်။ “ပါးသုံးပါး” ပေါ့ ...။ ခေါင်းပါး၊ လျော့ပါး၊ လွင့်ပါး ...။
          သာသနာတွင်း သီလ၊ သမာဓိ၊ ပညာ ဆိုတာ သာသနာနဲ့ ကြုံမှ ဖြည့်ကျင့်ခွင့်ရတဲ့ အသစ်တရား...။ ဓိတ်ဓာတ်နဲ့ လုပ်ရပ်မှာ သီလ၊ သမာဓိ၊ ပညာတွဲ နေရင် စိတ်ဓာတ် အသစ်၊ လုပ်ရပ်အသစ် ...။ လူလည်း အသစ်။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ သီလ၊ သမာဓိ၊ ပညာ တွဲမနေရင် စိတ်ဓာတ် အဟောင်း၊ လုပ်ရပ် အဟောင်း၊ လူလည်း အဟောင်း။
         
  
“အသစ်ရောက်လို့ အဟောင်းပျောက်” တဲ့ “လူ အသစ်” ဖြစ်ချင်ရင် သီလ ဖြောင့်ရမယ်၊ သမာဓိ ခိုင်မတ်ရမယ်၊ ပညာ မြင့်မတ်ရမယ်။ “မတ်သုံးမတ်” ပေါ့...။ ဖြောင့်မတ်၊ ခိုင်မတ်၊ မြင့်မတ် ....။
          အဟောင်းပျောက်လို့ အသစ်ရောက်ရင်လည်း အသစ်၊ အသစ်ရောက်လို့ အဟောင်းပျောက်ရင်လည်း အသစ်...။ အဟောင်းပေါ်လာတိုင်း ဖျောက်ဖျက် ပစ်သွားမယ် ဆိုရင်လည်း အသစ်ဖြစ်၊ အသစ်ပေါ်လာတိုင်း ဖြည့်ဆည်း ဖြစ်သွားမယ် ဆိုရင်လည်း အသစ်ဖြစ်...။
          အသစ်ဖြစ်ချင်ရင် အဟောင်းတွေ ကုန်အောင်ထုတ်။
          အသစ်ဖြစ်ချင်ရင် အသစ်တွေ ပြည့်အောင်ဖြည့်။
          အဟောင်းလုံးဝ ကုန်ရင် လုံးဝ အသစ်ဖြစ်ပြီ၊ အသစ်လုံးဝ ပြည့်ရင် လုံးဝ အသစ်ဖြစ်ပြီ ...။ အဟောင်းကုန်မှတော့ အသစ်ဖြစ်ပြီပေါ့၊ အသစ် ပြည့်နေမှတော့ အဟောင်းအတွက် နေရာ ဘယ်ရှိပါတော့မလဲ...။
          အဟောင်းကုန်ဖို့ အဓိကလား၊ အသစ်ပြည့်ဖို့ အဓိကလား...။
          အဟောင်းကုန်မှ အသစ်ပြည့်မယ်။ အသစ်ပြည့်မှာ အဟောင်းကုန်မယ်....။
          အမှောင် ပျောက်ရင်လည်း အလင်းရောက်ပါတယ်၊ အလင်း ရောက်ရင်လည်း အမှောင် ပျောက်ပါတယ်။ တစ်ပြိုင်တည်းပါပဲ။ “သွေးသားတွေ ပြောင်းပြီး လှလာလိုက်တာ” ဆိုတဲ့ နေရာမှာ သွေးသား အဟောင်းတွေ ပျောက်သွားလို့လည်း သွေးသား အသစ်တွေ ရောက်လာတာပါ။ သွေးသား အသစ်တွေ ရောက်လာလို့လည်း သွေးသား အဟောင်းတွေ ပျောက်သွားတာပါ။ တစ်ပြိုင်တည်းပါပဲ။
          လောဘ၊ ဒေါသ၊ မောဟ အဟောင်း အဟောင်းတွေ ပျောက်သွား ရင်လည်း သီလ၊ သမာဓိ၊ ပညာ အသစ် အသစ်တွေ ရောက်လာပါလိမ့်မယ်။ သီလ၊ သမာဓိ၊ ပညာ အသစ်အသစ်တွေ ရောက်လာရင်လည်း လောဘ၊ ဒေါသ၊ မောဟ အဟောင်း အဟောင်းတွေ ပျောက်သွားပါလိမ့်မယ်။ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်လေ ... သီလ၊ သမာဓိ၊ ပညာ ပြည့်စုံလေ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံလေ ...၊ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်လေ။ တစ်ပြိုင်တည်းပါပဲ။အရှင်ဆန္ဒာဓိက အဟောင်း ပျောက်သွားရင် အရှင်ဆန္ဒာဓိက အသစ် ဖြစ်လာပါလိမ့်မယ်၊ အရှင်ဆန္ဒာဓိက အသစ်ဖြစ်လာရင် အရှင်ဆန္ဒာဓိက အဟောင်း ပျောက်သွားပါလိမ့်မယ်၊ တစ်ပြိုင်တည်းပါပဲ။
          “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို စာရေးတဲ့ အလုပ်နဲ့ တွဲတွဲပြီး သတိရတတ်ပါတယ်။
          လိုအပ်ချက်နဲ့ စေတနာအရ တခြားပရဟိတ အလုပ်တွေကို မလွှဲမရှောင်သာ လုပ်နေရပေမယ့် ကိုယ့်ရဲ့ အဓိက ပရဟိတ အလုပ်က စာရေးတဲ့ အလုပ်ဆိုတာကို ဘယ်တော့မှ မမေ့ပါဘူး။ တခြားဘာ ပရဟိတ အလုပ်ပဲ လုပ်နေ လုပ်နေ “ဒါငါ့ရဲ့ အဓိက အလုပ်မဟုတ်ဘူး၊ ပရဟိတနဲ့ ပတ်သက်ရင် ငါရဲ့ အဓိကအလုပ်က စာရေးတဲ့ အလုပ်ပဲ” လို့ အမြဲနှလုံးသွင်း ပါတယ်။ “တခြား အလုပ်တွေကြောင့် အဓိက အလုပ် မထိခိုက်ပါစေနဲ့” လို့လ်း အမြဲသတိပေး နေပါတယ်။ ပရဟိတနဲ့ ပတ်သတ်ပြီး စာရေးတဲ့အလုပ် တစ်ခုတည်းကိုပဲ ဇောက်ချလုပ်ဖြစ်သွားတဲ့ တစ်နေ့ဟာ ကိုယ်ကိုကိုယ် တကယ်ကျေနပ် အားရတဲ့ “အရှင်ဆန္ဒာဓိက အသစ်” ဖြစ်လာတဲ့နေ့ပါပဲ။
          “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ခရီးသွားစရာ ကိစ္စကြုံလာတိုင်း အားမလိုအား မရ ရေရွတ်နေမိတတ်ပါတယ်။ အခြေအနေ၊ အချိန်အခါအရ မလွှဲမရှောင်သာ ခရီးတွေ သွားသွားနေရပေမယ့် ပြည်တွင်းခရီးလည်း ဘယ်ကိုမှ မသွားချင်တော့ပါဘူး။ ပြည်ပခရီးလည်း ဘယ်ကိုမှ မသွားချင်တော့ပါဘူး။ ကိုယ့်တောရ ကျောင်းမှာ ပဲ အမြဲနေချင်လှပါပြီး။ တောရကျောင်းမှာ နေချိန်များလေ၊ စာလည်း ပိုရေးဖြစ်လေပါ။ စာရေးတဲ့ အလုပ်ကိုရည်ရွယ်ပြီး “မင်းအခု ဘာလုပ်နေလဲ” လို့အမြဲ မေးဖြစ်သလို.. ခရီးသွားတဲ့ ကိစ္စကို ရည်ရွယ်ပြီး “မင်းအခု ဘယ်ရောက်နေလဲ” လို့လည်း အမြဲမေးဖြစ်ပါတယ်။ ဒီမေးခွန်းနှစ်ခုက ကိုယ့်ကိုကိုယ် အမြဲမေးဖြစ်နေတဲ့ မေးခွန်းနှစ်ခုပါပဲ။ စိတ်တိုင်းကျတဲ့ အဖြေကတော့ မရတစ်ချက် ရတစ်ချက်ဖြစ်နေဆဲပါပဲ။
          “အရှင်ဆန္ဒဓိက အသစ်” ဆိုတဲ့စကားလုံးလေးကို စာရွက်ပေါ် မှာနဲ့ နှုတ်ခမ်းဖျားမှာပဲ ကပ်ငြိ မနေစေချင်ပါဘူး။ နှလုံးသားပေါ်မှာနဲ့ လက်တွေ့ ဘဝထဲမှာပါ စွဲထင်နေစေချင် ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစား လျက်ပါ။ တဖြည်းဖြည်းတော့ ဖြစ်လာပါလိမ့်မယ်။
“အရှင်ဆန္ဒာဓိကအသစ်”ဆိုတဲ့စကားလုံးလေးကို...........................................................။”
ထာဝရ အေးချမ်းကြပါစေ ...။
မေတ္တာဖြင့်
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

မှတ်ချက်။
ဤစာစဉ်ကို`ဆရာတော်ရဝေနွယ်(အင်းမ)၏ရဝေနွယ်အသစ်´စာအုပ်မှ`ဆရာတော်အရှင်ဆန္ဒာဓိက၏အမှာစာ´
မှထုတ်နှုတ်မျှဝေကူးယူပူဇော်ပါသည်။


ဤစာစဉ်၏ကောင်းမှုသည်မဂ်ညဏ်၏အထောက်အပံ့ဖြစ်စေသား……………..။


ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ဒီအမှာစာလေးကိုဖတ်မိပြီးချိန်မှာ.... ကိုယ်ကိုယ်တိုင်ဆရာတော်ရဲ့
အကြိုက်ဆုံးဂါထာလေး ၂ပုဒ်ကိုနှလုံးသွင်းဆင်ခြင်မိသွားတယ်.... ကျွန်မဘ၀မှာလဲဆရာတော်
နှလုံးသွင်းဆင်ခြင်မိတဲ့ ဓမ္မပဒဂါထာလေး၂ပုဒ်ထဲက...တစ်ပုဒ်ဖြစ်တဲ့

      နတံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
     ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။
     (ဓမ္မပဒဂါထာ - ၆၇)
အဓိပ္ပာယ်ကတော့ ...
“အလုပ်တစ်ခုကို လုပ်လိုက်လို့ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ သတိရတိုင်း သတိရတိုင်း နောင်တ တရားတွေနဲ့ ပူလောင်ပင်ပန်း ရတယ်ဆိုရင် အဲ့ဒီ အလုပ်မျိုးကို လုံးဝ မလုပ်တာဘဲ ကောင်းပါတယ်။ အလုပ်တစ်ခုရဲ့ အကျိုးတရားကို မျက်ရည်ရွှဲ မျက်နှာနဲ့ ငိုငိုကြွေးကြွေး ဆွေးဆွေးလျလျ ဆင်းရဲစွာ ခံစားရတယ် ဆိုရင် အဲ့ဒီအလုပ်မျိုးဟာ လုံးဝ မလုပ်သင့်တဲ့ အလုပ်ပါပဲ” .. တဲ့။
....ဟုတ်ပါတယ်..အခုတလော..ဖြစ်ပျက်ခဲ့တဲ့ကိစ္စလေးမှာ...မိမိအခွင်ပအေ၇းလေးတစ်ခုဆုံးရှုံး
သွားတာကို..ကိုယ်ကိုယ်တိုင်နှမြောတသဖြစ်ပြီးဝမ်းနည်းတဲ့စိတ်ဖြစ်နေတာဖျောက်မရတာ...
ဆရာတော်ရေးသားထားတဲ့အမှာစာလေးကဓမ္မပဒဂါထာလေးကိုဖတ်လိုက်ချိန်မှာအတော်အသင့်
သက်သာသွားပါတယ်....
နောက်ဓမ္မပဒတစ်ပုဒ်ကိုဖတ်လိုက်ပြီးနှလုံးသွင်းဆင်ခြင်မိချိန်မှာ...
နောက်တစ်ပုဒ်ကတော့ ...
          တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
          ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။
         (ဓမ္မပဒဂါထာ - ၆၈)
အဓိပ္ပာယ်ကတော့ ....
“အလုပ်တစ်ခုကို လုပ်လိုက်လို့ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ သတိရတိုင်း သတိရတိုင်း နောင်တ တရားတွေနဲ့ ပူလောင်ပင်ပန်း ရခြင်း လုံးဝ မရှိဘူးဆိုရင် အဲ့ဒီ အလုပ်မျိုးကို လုပ်တာဟာ သိပ်ကောင်းပါတယ်။ အလုပ် တစ်ခုရဲ့ အကျိုးတရားကို နှစ်သက်ရွှင်လန်းစွာ၊ ဝမ်းမြောက် ကြည်နူးစွာ ချမ်းချမ်းသာသာ ခံစားရတယ်ဆိုရင် အဲ့ဒီအလုပ်မျိုးဟာ မလုပ်မဖြစ် လုပ်သင့်တဲ့ အလုပ်ပါပဲ” ... တဲ့။

မိမိရင်ထဲကို...ရင်ထဲဆိုတာထက်နှလုံးအိမ်ကို...တရားအဆုံးအမတွေရောက်ရှိလာပါတယ်.......
ကိုယ်ရဲ့ပြင်မရတော့တဲ့နောင်တအမှားအခွင့်အရေးလက်လွှတ်ရတာတွေအကုန်ဆင်ခြင်မိသွား
တယ်.....
ဘယ်သောအခါမှအလုပ်တစ်ခုလုပ်တိုင်းရလာတဲ့အကျိုးတရားကို နှစ်သက်ရွှင်လန်းချမ်းသာ
အေးမြစွာ...ခံစားရတဲ့အလုပ်မျိုးသာလုပ်ကိုင်ရွေးချယ်ပါတော့မယ်လို့လဲရင်ထဲက...
လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုမိပါတယ်....


အခုလိုတရားအမှာစာမှာရေးသားဟောကြားပေးတဲ့ ဆရာတော်အရှင်ဆန္ဒာဓိကကိုလဲ
လက်အုပ်ချီမိုးကန်တော့ပါတယ်ဘုရား...(တပည့်တော်ဟာငယ်စဉ်ကတည်းကဆရာတော်
စာစရေးပြီးထုတ်ဝေဖြန့်ချိတဲ့....တစ်ယောက်တည်းနေတစ်စိတ်တည်းထား..ကတည်းက
အားပေးတဲ့ပရိသတ်ပါဘုရား...)


တပည့်တော်စိတ်ဓာတ်ကျနေတိုင်းဆရာတော်စာအုပ်၊စာစုလေးတွေနဲ့ စိတ်ဓာတ်ရှင်သန်မြှင့်တင်
ရင်း....စိတ်အားတက်ရတာပါဘုရား....


အခုလဲ...တပည့်တော်ကိုတပည့်တော်....အားပေးတဲ့အနေနဲ့................


................ကေခိုင်ကျော်အသစ်...................ဆိုတဲ့စကားလုံးလေးကို..နှလုံးသားမှာရော
လက်တွေ့ဘ၀မှာပါ...စွဲထင်အသုံးပြုနိုင်အောင်ကြိုးစားနေပါတယ်ဘုရားးး


ဆရာတော်အရှင်ဆန္ဒာဓီကနှင့် ဆရာတော်ရဝေနွယ်(အင်းမ)အားလက်ဆယ်ဖြာမိုး၍ရှိခိုးပူဇော်
ဦးခိုက်လျက်.....................


...............................မေတ္တာဖြင့်.............. KKK..................................



4 comments:

ဓမ္မအလင်းစေတမန် said...

လာရောက်ဖတ်ရှု့သွားပါတယ် မကေခိုင်။ ဆက်လက်ပြီး မျှဝေပေးပါအုံးလို့ တောင်းဆိုပါရစေ. ပျော်ရွှင်ပါစေ

Unknown said...

ကျေးဇူးတင်ပါတယ်ရှင်

WebLovingHome said...

ဖတ်ရှုမှတ်သားသွားပါတယ်။ အရမ်းကောင်းပါတယ်။

Anonymous said...

အ ခုရေးထားတဲ့စာလေးတွေကတော်တော်ကောင်းပါတယ်

Post a Comment