Pages

About KKK

KK ဆီရောက်လာသူများ

KK's Facebook

Wednesday, March 28, 2012

လွန်းထားထား (ဆေးတက္ကသိုလ်)ရဲ့ “လွန်းထားထားအသစ်” အမှာစာ
            “အသစ်” ဆိုတဲ့အရာကို လူတိုင်း မက်မော သဘောကျ တတ်ကြတာ သဘာဝပါ။ နှစ်ဟောင်း တစ်နှစ် ကုန်ဆုံးလို့ “နှစ်သစ်” တစ်နှစ် စတင်ပြီဆိုတိုင်း လူတိုင်း ရင်ထဲမှာ တူညီတဲ့ စိတ်ခံစားမှု တစ်မျိုးက မတိုင်ပင်ရပါဘဲ အလိုအလျောက် ကိန်းဝပ်လာတတ် စမြဲပါ။ အဲ့ဒီ ခံစားမှုက နှစ်သစ်မှာ လူအသစ် စိတ်အသစ်နဲ့ ဘဝအသစ်တစ်ခု ပြန်စမယ်ရယ်လို့ ကိုယ့်ကိုယ်ကို ကတိကဝတ် အသစ်တွေ ပေးနေမိတာပါပဲ။
            ကျွန်မ ကိုယ်တိုင်လည်း “အသစ်... အသစ်” ဆိုတဲ့ အရာတွေကို မက်မော တန်ဖိုးထား တတ်ပါတယ်။ ပိုက်ဆံကလေးတွေ ကိုင်ရင်တောင်မှ အသစ်ကျပ်ချွတ် ကလေးတွေဆိုရင် စိတ်ကလေး ချမ်းသာ၊ ပီတိကလေး ဖြာလို့ပါ။ အဝတ်အစား အသစ်ကလေးတွေ၊ အသုံးအဆောင် အသစ်ကလေးတွေ ဆိုလည်း တယုတယနဲ့ တန်ဖိုးထား တွယ်တာ မြတ်နိုးလိုက်ရတာ အမောပါ။ စာရေးရင်လည်း စာရွက်အသစ် ဖြူဖြူစင်စင် ကလေးနဲ့ရေးရမှ စိတ်ချမ်းသာ ကျေနပ် တတ်သူပါ။
            အဲဒီလို အသစ်မှ မက်မော တန်ဖိုးထားမိတတ်တဲ့ ကျွန်မက ကိုယ့်ရဲ့ စိတ်ကလေးကိုရော နေ့တိုင်း အသစ်ဖြစ်နေအောင် တတ်နိုင်သရွေ့ ကြိုးစား အားထုတ် နေမိတတ်ပြန်ပါတယ်။ စိတ်ကလေး အမြဲသစ်နေဖို့ သတိကလေးတော့ အမြဲမပြတ် ရှိနေရပါတယ်။ သတိကလေး လွတ်သွားမိပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ ဖြူစင်ကြည်လင် နေတဲ့ စိတ်အသစ်ကလေးဆီမှာ မာနအရောင်၊ လောဘအရောင်၊ ဒေါသအစွန်း၊ မောဟအညစ်တွေ ချက်ချင်း ကပ်ငြိတာခံရပြီး စိတ်အသစ်ကလေးက ချက်ချင်းပဲ ဟောင်းနွမ်း ညစ်ထေး သွားတတ်ပါတယ်။ သတိရတိုင်း သတိကလေးနဲ့ ပြန်ဆေးကြော သန့်စင်ဖို့ ကြိုးစားရပါတယ်။ သန့်စင် သွားတဲ့အခါလည်း ရှိသလို အမေ့မေ့ အလျော့လျော့နဲ့ ညစ်နွမ်း ညှိုးလျော် သွားခဲ့သမျှကို အချိန်လွန်မှ ပြန်ဆင်ခြင် သတိထားမိတာလည်း ရှိခဲ့ပါတယ်။
            မှတ်မှတ်ရရ ဆရာတော် ဦးဇောတိက၊ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ဆရာတော် ရဝေနွယ်(အင်းမ) တို့ရဲ့ ဓမ္မစာပေများက ကျွန်မကို ဘဝနေနည်းများစွာ သင်ကြား ညွှန်ပြပေးခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်ကလေးတွေ ညစ်နွမ်း ဟောင်းနွမ်း သွားတော့မယ် ကြံတိုင်း ဆရာတော်တို့ရဲ့ ဆုံးမ သတိပေး စာကလေးတွေနဲ့ ကျွန်မရဲ့ စိတ်ကလေးကို အသစ်ပြန်ဖြစ်အောင် ပြန်လည် ဆေးကြောသန့်စင် ရစမြဲပါ။
            ပြီးတော့ ကျွန်မရဲ့ ဘဝနေနည်းက တစ်ရက်ချင်းပဲ နေထိုင်ကြည့်တဲ့ နည်းပါ။ ဒီနေ့အတွက် မျက်လုံးနှစ်လုံးပွင့်လို့ အိပ်ရာကနေ နိုးထပြီ ဆိုတာနဲ့ ဒီနေ့အတွက် လွန်းထားထားအသစ် မွေးဖွားခဲ့ပြီလို့ ခံယူလိုက်ပါတယ်။ မနေ့က လွန်းထားထားက ဟောင်းနွမ်းသွားခဲ့ပြီ၊ သေဆုံးသွားခဲ့ပြီ။ ဒါကြောင့် မနေ့က ညစ်နွမ်းခဲ့တာတွေကို ပြန်မတွေးမိအောင် တတ်နိုင်သရွေ့ သတိကလေးနဲ့ ဆင်ခြင်ပြီး မေ့ပစ်ဖို့ ကြိုးစား ရပါတယ်။ ဒီနေ့အသစ် မွေးဖွားလိုက်တဲ့ လွန်းထားထား အသစ်ကလေးဟာ ဖြူဖြူစင်စင် အသစ်ကျပ်ချွတ် ကလေးပါ။ အဲဒီ အသစ်စက်စက် ကလေးမှာ ဒါနရယ်၊ သီလရယ်၊ ဘာဝနာရယ် ၀ိပဿနာကလေးတွေ တတ်နိုင်သရွေ့ ဖြည့်စွက် တည်ဆောက်ရင်း တစ်နေ့တာကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ဖို့ကြိုးစား တတ်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိလေသာ အညစ်ကလေးတွေ မစွန်းပေသေးသရွေ့ လွန်းထားထား အသစ်ကလေးပေါ့။ ဒါပေမဲ့လည်း တစ်ယောက်တည်း နေထိုင်ရတာ မဟုတ်တဲ့ လူ့ဘ၀ အရှုပ်အထွေးတွေ ကြားထဲမှာ နေနေရသရွေ့တော့ စွန်းထင်းစရာ၊ ပေကျံစရာ၊ ညစ်ပေစရာ မာန ဒေါသ လောဘ စတဲ့ ကိလေသာ အညစ်အကြေးတွေက သတိ တစ်ချက် ကင်းလွတ်သွားတာနဲ့ ဗြန်းခနဲ ပက်လိုက်ဖို့ ... နေရာပေါင်းစုံ ... ထောင့်ပေါင်းစုံကနေ ပုံသဏ္ဌာန်မျိုးစုံနဲ့ကို စောင့်ဆိုင်းနေကြတာပါ။ အဲဒီ ကိလေသာတွေနဲ့ အပက်ခံလိုက်ရပြီ ဆိုတာနဲ့ စိတ်ကလေးက ချက်ချင်း ရုပ်ပျက်ဆင်းပျက် ညစ်နွမ်းသွားတော့မှာပါ။ သတိကလေးနဲ့ ပြန်ဆေးကြော
နိုင်ရင်တော့ သတိ အင်အားကောင်းရင် ကောင်းသလို ချက်ချင်း ပြန်ဆေးကြော သန့်စင်နိုင်ရင်တော့ စိတ်အသစ်ကျပ်ချွတ် ဖြူဖြူစင်စင်ကလေး မညစ်နွမ်း နိုင်တော့ဘူးပေါ့နော်။ ဒီလိုနဲ့ပဲ တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ အိပ်စက်ခြင်းနဲ့အတူ လွန်းထားထား အဟောင်းကလေးလည်း တစ်နေ့တာစာအတွက် ချုပ်ငြိမ်း သေဆုံး သွားခဲ့ပြီလို့ မှတ်ယူလိုက်ပါတယ်။ မနက်ဖြန် မွေးဖွားလာမယ့် လွန်းထားထား အသစ်ကလေးကို ဒီနေ့ထက် ပိုပြီး စိတ်ချမ်းသာအောင် ထားမယ်လို့လည်း တစ်ခါတစ်ရံ တွေးမိလိုက်ပါသေးတယ်။
            ဆရာတော် ရဝေနွယ်ဆီက စာအုပ်အသစ်ရဲ့ နာမည်ကလေး ''ရဝေနွယ်အသစ်'' ဆိုတဲ့ နာမည်ကလေးကို ကြားကြားချင်းပဲ စိတ်ထဲမှာ အလွန် နှစ်သက် ဘ၀င်ခိုက်သွားခဲ့မိတာပါ။ လူငယ်စကားနဲ့ ပြောရရင် တကယ်ကို ဟာ့(ထ်)ထိသွားခဲ့တာပါ။ အသစ်ကို နှစ်သက်မြတ်နိုး တတ်သူမို့ ဆရာတော်ရဲ့ ''ရဝေနွယ်အသစ်''က ကျွန်မအတွက် စွဲဆောင်မှု ရှိလွန်းလှပါတယ်။ အထဲက စာသားတွေကို ဖတ်မိပြီး ချိန်မှာတော့ ကျွန်မရင်ထဲမှာ တကယ့်ကို အသည်းခိုက် နှစ်သက်သွားခဲ့မိတာပါ။ လူတစ်ယောက်အတွက် အသစ်ပြုပြင် တည်ဆောက်ဖို့ နည်းလမ်းတွေကို ဆရာတော်က ရိုးရိုးရှင်းရှင်းနဲ့ လိုက်နာရလည်း လွယ်ကူအောင် ညွှန်ပြသွန်သင် ထားခဲ့တာမို့ အသစ်ကြိုက်သူ ကျွန်မအတွက် မကြာခဏ ညစ်ပေဟောင်းနွမ်း သွားတတ်တဲ့ လွန်းထားထား အဟောင်းကို လွန်းထားထား အသစ်ဖြစ်အောင် ဘယ်လိုပြန်ပြီး အသစ်တည်ဆောက် ရမယ်ဆိုတဲ့ ဘ၀နေနည်းတစ်ခုကို ရှင်းရှင်းထင်းထင်း သိခွင့်ရလိုက်ပြန်ပါတယ်။ အဲဒီအတွက် ဆရာတော်ကို ဆတက်ထမ်းပိုး ပိုလို့ ကျေးဇူးတင် ကြည်ညိုသဒ္ဓါပွားရပြန်ပါတယ်။ ဆရာတော်ရဲ့စာကို ဖတ်ပြီးချိန်ကစပြီး ကိုယ့်စိတ်ကလေးကို သတိကလေးနဲ့ စောင့်ကြည့်လာမိပါတယ်။ တစ်နေ့တာ အသစ်စလို့ နိုးထလာရင် ကိုယ့်ကိုယ်ကို လွန်းထားထား အသစ်ကလေးအဖြစ် မိတ်ဆက်မိတယ်။ တစ်ခါတစ်ရံ ၀င်လာတတ်တဲ့ ကိလေသာ အညစ်အကြေးတွေကြောင့် လွန်းထားထားကလေး ဟောင်းညစ်မယ်ကြံရင် ချက်ချင်း သတိထားမိလာပါတယ်။ အကုသိုလ်ဖြစ်ကြော မရှည်တော့ပါဘူး။ ဒီအတိုင်းကလေးပဲ သတိကလေးနဲ့ အမြဲထိန်းသိမ်းနေသွားမယ်ဆိုရင် လွန်းထားထား အသစ်ကလေး အမြဲသစ်လွင် ငြိမ်းချမ်းနေတော့မှာပါ။
            ဆရာတော် ရဝေနွယ်အသစ်နဲ့တကွ စာဖတ်ပရိသတ်အသစ်တွေ အားလုံး အမြဲထာဝရ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ သစ်လွင် ငြိမ်းချမ်းနိုင်ကြပါစေ။
ဆရာတော်အား ရိုသေ လေးမြတ်စွာ ပူဇော်ရှိခိုးလျက် ...
မေတ္တာအားဖြင့်...
လွန်းထားထား
 (၂၅-၁-၂၀၁၂)

0 comments:

Post a Comment