Pages

About KKK

မှတ်တမ်းလေးများ

KK ဆီရောက်လာသူများ

KK's Facebook

Saturday, February 18, 2012
မေတ္တာပါရမီ
မြင့်မြတ်သူတို့ရဲ့အလုပ်(၉)
  မေတ္တာဖြစ်ပုံ၊ စနစ်ကုန်၊ စုံစုံဘယ်သို့ ပြောမည်နည်း။ မိမိအပေါ်၊ သူ-မတော်လည်း၊ သူတော်မြတ်ဖျား၊ လောင်းဘုရားတို့၊ သူများပြစ် ပြစ်ဆာ၊ မရှုပါဘဲ၊ ကိုယ်သာသူ့ကျိုး၊ ဆောင်သယ်ပိုး၊ရိုးရိုးမေတ္တာ ပွားသတည်း။ “မေတ္တာဟူသည် သူတစ်ပါးတို့ကိုကြီးပွားစေလို၊ ချမ်းသာစေလို သောတည်း” ထို့ကြောင့်မြင့်မြတ်သော စိတ်ဓာတ် ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးကမတော်တရား ပြုထားစေကာမူ ထိုသူ၏ အပြစ်အနာအဆာကို (လက်စားချေမည်)ဟု မရှုတော့ဘဲ အကြောင်းကိစ္စ ပေါ်လာလျှင် ကိုယ်ကသာသူ့အကျိုးကို ဆောင်ရွက်ရလေသည်။(အရှင်ဇနကာဘိဝံသ- ရုပ်စုံဗုဒ္ဓ၀င် အမေးအဖြေ၊ နှာ-၃၀)ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းမှာ အမတ်တစ်ယောက်ရှိ ပါတယ်။ တစ်နေ့တော့ အဲအမတ်ကို မသင့်လျော်တဲ့ အပြစ်တစ်ခုကို ကျူးလွန်တဲ့အတွက် မိသားစုနဲ့ အတူတိုင်းပြည်က နှင်ထုတ် လိုက်ပါတယ်။ နှင်ထုတ်ခံလိုက်ရတဲ့ အမတ်က ကောသလတိုင်း ဒုဗ္ဘိသေနမင်းဆီ သွားခစားပါတယ်။ တဖြည်းဖြည်းနဲ့ ဒုဗ္ဘိသေနမင်းရဲ့ လူယုံဖြစ်လာတော့ နာကြည်းချက် ဒဏ်ရာလေးကလည်း ရှိထားတာဆိုတော့ ဗာရာဏသီပြည်ကို သိမ်းယူဖို့ တိုက်တွန်းပါတယ်။  ဒုဗ္ဘိသေနမင်းလည်း အမတ်ရဲ့တိုက်တွန်းချက်အရ ဗာရာဏသီပြည်ကို သွားပြီးသိမ်းပိုက်ပါတယ်။ ပြီးတော့ဗာရာဏသီမင်းကို ဖမ်းပြီးနန်းတော် တံခါးခုံအထက်မှာ တွဲလျားဇောက်ထိုး စွဲထားလိုက်ပါတယ်။ ဗာရာဏသီမင်းဟာ တရားနဲ့အညီ မင်းလုပ်နေသလို နေ့စဉ် ဒါန၊ သီလ၊ သမထတွေကိုလည်း ပြုကျင့်ပွားများနေသူပါ။ တရားဓာတ်ခံရှိထားတာ ဆိုတော့ ဇောက်ထိုးအစွဲ ခံထားရလျက်ပဲ ဒုဗ္ဘိသေနမင်းကို မေတ္တာပွားပါတယ်။