Pages

About KKK

မှတ်တမ်းလေးများ

KK ဆီရောက်လာသူများ

KK's Facebook

Saturday, February 18, 2012
မေတ္တာပါရမီ
မြင့်မြတ်သူတို့ရဲ့အလုပ်(၉)
  မေတ္တာဖြစ်ပုံ၊ စနစ်ကုန်၊ စုံစုံဘယ်သို့ ပြောမည်နည်း။ မိမိအပေါ်၊ သူ-မတော်လည်း၊ သူတော်မြတ်ဖျား၊ လောင်းဘုရားတို့၊ သူများပြစ် ပြစ်ဆာ၊ မရှုပါဘဲ၊ ကိုယ်သာသူ့ကျိုး၊ ဆောင်သယ်ပိုး၊ရိုးရိုးမေတ္တာ ပွားသတည်း။ “မေတ္တာဟူသည် သူတစ်ပါးတို့ကိုကြီးပွားစေလို၊ ချမ်းသာစေလို သောတည်း” ထို့ကြောင့်မြင့်မြတ်သော စိတ်ဓာတ် ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးကမတော်တရား ပြုထားစေကာမူ ထိုသူ၏ အပြစ်အနာအဆာကို (လက်စားချေမည်)ဟု မရှုတော့ဘဲ အကြောင်းကိစ္စ ပေါ်လာလျှင် ကိုယ်ကသာသူ့အကျိုးကို ဆောင်ရွက်ရလေသည်။(အရှင်ဇနကာဘိဝံသ- ရုပ်စုံဗုဒ္ဓ၀င် အမေးအဖြေ၊ နှာ-၃၀)ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းမှာ အမတ်တစ်ယောက်ရှိ ပါတယ်။ တစ်နေ့တော့ အဲအမတ်ကို မသင့်လျော်တဲ့ အပြစ်တစ်ခုကို ကျူးလွန်တဲ့အတွက် မိသားစုနဲ့ အတူတိုင်းပြည်က နှင်ထုတ် လိုက်ပါတယ်။ နှင်ထုတ်ခံလိုက်ရတဲ့ အမတ်က ကောသလတိုင်း ဒုဗ္ဘိသေနမင်းဆီ သွားခစားပါတယ်။ တဖြည်းဖြည်းနဲ့ ဒုဗ္ဘိသေနမင်းရဲ့ လူယုံဖြစ်လာတော့ နာကြည်းချက် ဒဏ်ရာလေးကလည်း ရှိထားတာဆိုတော့ ဗာရာဏသီပြည်ကို သိမ်းယူဖို့ တိုက်တွန်းပါတယ်။  ဒုဗ္ဘိသေနမင်းလည်း အမတ်ရဲ့တိုက်တွန်းချက်အရ ဗာရာဏသီပြည်ကို သွားပြီးသိမ်းပိုက်ပါတယ်။ ပြီးတော့ဗာရာဏသီမင်းကို ဖမ်းပြီးနန်းတော် တံခါးခုံအထက်မှာ တွဲလျားဇောက်ထိုး စွဲထားလိုက်ပါတယ်။ ဗာရာဏသီမင်းဟာ တရားနဲ့အညီ မင်းလုပ်နေသလို နေ့စဉ် ဒါန၊ သီလ၊ သမထတွေကိုလည်း ပြုကျင့်ပွားများနေသူပါ။ တရားဓာတ်ခံရှိထားတာ ဆိုတော့ ဇောက်ထိုးအစွဲ ခံထားရလျက်ပဲ ဒုဗ္ဘိသေနမင်းကို မေတ္တာပွားပါတယ်။
မေတ္တာပွားတဲ့ နေရာမှာ သာမန်အဆင့် လောက်တင်မကဘဲ ဈာန်ဖြစ်တဲ့အထိ ပွားပါတယ်။ ဈာန်အဆင့်ကို ရောက်သွားတဲ့အခါမှာတော့ အနှောင်အဖွဲ့အားလုံးက လွတ်သွားပြီး ကောင်းကင်မှာ တပ္ပလင်ခွေ ထိုင်နေတော်မူပါတယ်။ဒီအချိန်မှာ ဒုဗ္ဘိသေနမင်းရဲ့ ခန္ဓာကိုယ်ဟာ ပူလောင်ပြီးမြေပြင်မှာ လူးလိမ့်နေရပါတယ်။ မြေပြင်ပေါ်မှာ လူးလိမ့်လျက်ပဲ အမတ်တွေကို သူဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ မေးပါတယ်။အမတ်တွေကလည်း “တရားစောင့်တဲ့ မင်းကို ပြစ်မှားမိလို့ ဖြစ်ရတာပါ”လို့    ပြန်လျှောက်ပြကြပါတယ်။ အဖြစ်မှန်သိရတော့ ချက်ချင်းပဲ ဗာရာဏသီမင်းကို လွှတ်ဖို့ စေခိုင်းပါတယ်။ မင်းချင်းတွေ သွားကြည့်တဲ့ အခါမှာ ဗာရာဏသီမင်းက လွတ်ရုံတင်မကဘဲ ကောင်းကင်မှာ တောင်တပလ္လင်ခွေ ထိုင်နေပါပြီ၊ ဒါကြောင့် ဒုဗ္ဘိသေနမင်းကိုပြန် လျှောက်ရပြန်ပါတယ်။ ဒုဗ္ဘိသေနမင်းလည်း ဗာရာဏသီမင်းရှိရာလာပြီး တောင်းပန်ကန်တော့ ပါတယ်။ နောက်ဆုံးတော့ ဗာရာဏသီမင်းက ဒုဗ္ဘိသေနမင်းကို သူကျင့်ကြံခဲ့တဲ့ တရားအကျင့်တွေ ပြောပြဟောပြပြီး တောထွက် ရသေ့ပြုသွားပါတယ်။ သေလွန်တဲ့ အခါမှာတော့ ဗြဟ္မာပြည်ကို ရောက်သွားရပါတော့တယ်။ (ငါးရာ့ငါးဆယ်၊ ဧကရာဇဇာတ်) တကယ်တမ်း လောကဓံဆိုး တစ်ခုကြုံလာတဲ့အခါ ကိုယ်ထုံပြီး ကျင့်ခဲ့တဲ့တရားက သိပ်ပြီးအားကိုးရတာပါ။ ကျင့်ပြီးကျင့်ဆဲ နောက်ပိုင်းတွေမှာလည်း တရားကဆက်ဆက်စောင့် ရှောက်သွား တော့တာပါ။ ဒါတင်မကပါဘူး။ ကိုယ်ဆက်လျှောက်ရမယ့် ခရီးလမ်းဆီကိုလည်း ဆက်ပြီးညွှန်ပြ ပေးပါတယ်။ ဗာရာဏသီမင်းဟာ မင်းအဖြစ်ကို ပြန်ရပေမယ့် ကိုယ်ဆက်လျှောက်ရမယ့် တရားလမ်းကြောင်းကို တရားက ညွှန်ပြပေးထားတာဆိုတော့ မင်းအဖြစ်နဲ့တင် ရောင့်ရဲတင်းတိမ် မနေတော့ပါဘူး။တရားက ညွှန်ပြထားတဲ့ ကိုယ်တကယ်ဆက်လျှောက်ရမယ့် ပန်းတိုင်ဆီကိုပဲ ဆက်လျှောက်တော့တာပါ။ တရားကို တကယ်ကျင့်ရင် တရားက လူတွေကိုတကယ် ကူညီတာပါ။ တရားအသိရင်ထဲ ရောက်သွားပြီဆိုရင် “ဒါကတော့ လျှောက်သင့်တယ်၊ ဒါကတော့ မလျှောက်သင့်ဘူး၊ ဒါတော့ပြောသင့်တယ်၊ ဒါကတော့မပြောသင့်ဘူး၊ ဒါကတော့လုပ် သင့်တယ်၊ ဒါကတော့မလုပ်သင့်ဘူး” စသည်ဖြင့် အနီးကပ် ညွှန်ကြားပေး နေတော့တာပါ။တရားတွေ အားထုတ် နေပေမယ့်တရား အသိရင်ထဲမရောက် သေးရင်အာရုံဆိုး တစ်ခုတွေ့တာနဲ့ “၀ုန်း”ကနဲ ထပေါက်ကွဲတော့တာပါ။ ကာယကံမြောက်၊ ၀စီကံမြောက်လည်း ချက်ချင်းကျူးလွန် ဖြစ်သွားတော့တာပါ။သတိပြန်ဝင်လာတဲ့ အခါမှာ အားလုံးကကျူးလွန်ပြီးသား ဖြစ်နေပါပြီ။ အဲဒီအခါကျမှ ကိုယ့်ကိုယ်ကို နောင်တရမဆုံး ဖြစ်နေတော့တာပါ။ ဘ၀တွေဖရိုဖရဲ ဖြစ်မသွားဖို့ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ တရားအကျင့်လေး တွေတော့ ကိုယ်စီရှိထားဖို့ လိုပါတယ်။ ဗာရာဏသီမင်းဟာ ဘုရားအလောင်းတော်ပါ။ ဘုရားအလောင်းတော်ဟာ မေတ္တာကိုပါရမီမြောက်အောင် ဖြည့်ကျင့်နေတာဆိုတော့ ကိုယ့်ရဲ့မေတ္တာပါရမီကို အပျက်မခံသလို ကြုံလာတဲ့ လောကဓံကိုလည်း ကိုယ်ဖြည့်ကျင့်နေတဲ့ မေတ္တာပါရမီနဲ့ပဲ ရင်ဆိုင်ရှင်းသွားတာပါ။ မေတ္တာဆိုတဲ့ပါဠိရဲ့အနက်ကို ချစ်ခြင်းလို့ အနက်ပြန်ကြပါတယ်။ အချစ်ကသုံးမျိုးရှိပါတယ် -
၁။ချစ်သူအချစ်ရယ်၊
၂။မိသားစုအချစ်ရယ်၊
၃။ပါရမီအချစ်ရယ်ပါ။ ချစ်သူအချစ်ဆိုတာက မိန်းမယောက်ကျား အပြန်အလှန်ချစ်ကြတဲ့ အချစ်ပါ။ မိသားစု အချစ်ဆိုတာက မိဘနဲ့သားသမီး၊ ညီနဲ့အစ်ကို၊ မောင်နဲ့နှမ စသည်တို့ မိသားစု အိမ်သားအချင်းချင်း ချစ်ကြတဲ့အချစ်ပါ။ပါရမီအချစ်ဆိုတာက တော့သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုးလားတဲ့အချစ်ပါ။ ပါဠိလိုပြောရင်တော့ တဏှာပေမရယ်၊ ဂေဟသိတပေမရယ်၊ မေတ္တာပေမရယ်ပါ။ မေတ္တာပါရမီမှာတော့ နောက်ဆုံးအချစ်ဖြစ်တဲ့ ပါရမီအချစ်ကို ယူရမှာပါ။ ပါရမီအချစ်ဟာ သူတစ်ပါးအကျိုးကို ငဲ့နေပါတယ်။ မိမိအကျိုးကို မငဲ့ပါဘူး။ ကိုယ်ကသူ့ကို ပါရမီအချစ်နဲ့ ချစ်ဖြစ်နေရင် သူကြီးပွားစေချင်တယ်၊  တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ အစစအရာရာ အဆင်ပြေစေချင်တယ်၊ သူဆီက ဘာတုန့်ပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါ-ပါရမီအချစ်ရဲ့ သဘောတွေပါ။ အကြောင်းတစ်ခုခုကြောင့် သိခွင့်၊ခင်ခွင့်ရတဲ့အခါမှာ ကိုယ်ကလည်း သူ့ကိုပါရမီအချစ်နဲ့ သူက လည်းကိုယ့်ကို ပါရမီအချစ်နဲ့ ချစ်မယ်ဆိုရင် နှစ်ဦးစလုံးရဲ့ ခင်မင်မှုဟာ အစဉ်ခိုင်မြဲ နေတော့မှာပါ။တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့ အတွက်လည်း ကိုယ်ကကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်လည်းသူက ကူညီနေမယ်ဆိုရင်ပါရမီအချစ်က နိဗ္ဗာန်အထိတောင် ကျေးဇူးပြုနေတော့တာပါ။တစ်စုံတစ်ယောက်ကို ကိုယ်တကယ် ချစ်တယ်ဆိုရင် ပါရမီအချစ်နဲ့ ချစ်ပြီးနိဗ္ဗာန်ရဲ့ အထောက်အပံ့တွေ အခါအားလျော်စွာ ဖန်တီးပေးနိုင်ရပါ့မယ်။ ဒီလိုပါပဲ။ သတ္တ၀ါအားလုံး အပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို ချစ်သူအချင်းချင်း၊ မိသားစုအချင်းချင်းမှာ လည်းပါရမီအချစ်ပါတဲ့ အချစ်တွေ တွဲတွဲနေပါမှ အစဉ်အမြဲခိုင်မြဲနေမှာပါ။ ချစ်သူ   အချင်းချင်း ချစ်ကြတဲ့နေရာမှာ တဏှာရာဂကို အခြေခံတယ် ဆိုပေမယ့် သူကုသိုလ်ဖြစ်ဖို့ ကိုယ်ကဖန်တီးပေးနေမယ်။ ကိုယ်ကုသိုလ် ဖြစ်ဖို့အတွက် သူကဖန်တီးပေးနေတယ် ဆိုရင် ချစ်သူနှစ်ယောက်အတွက် ရန်ဖြစ်တယ်၊ မုန်းတယ် ဆိုတာတွေဟာ အိပ်မက်ထဲမှာတောင်ရှာလို့ရတော့မှာ မဟုတ်ပါတော့ပါဘူး။ပြီးတော့ကိုယ်ရဲ့ ဘ၀လေးဟာ ငြိမ်းငြိမ်းချမ်းချမ်းလေး ရှိနေရုံတင်မကဘဲ တရားထူး တရားမြတ်ရဖို့အတွက်လည်း အထောက်အပံ့တွေ ဖြစ်နေတော့မှာပါ။ အဆင်မပြေဖြစ်ကြတယ်ဆိုတာ တဏှာပေမအချစ် လောက်နဲ့ပဲ ချစ်နေကြလို့ပါ။ပါရမီအချစ် မပါကြလို့ပါ။ ဒီသဘောလေးကို အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲနေဖို့ ပါရမီအချစ်လေးတွေပါ တွဲပေးရပါတယ်။ တချို့မိသားစုအတွင်းမှာ အဆင်မပြေဖြစ်ကြတယ် ဆိုတာကလည်း ပါရမီအချစ်မပါကြလို့ပါ။ကိုယ့်မှာပါရမီ အချစ်သာရှိနေရင် တစ်ဖက်က မသိလို့မှားတဲ့ အမူအရာကို ပြဦးတော့ သူ့ကိုကိုယ်က ဒေါသမထွက်ဘဲ “သြော်…သူမသိလို့ဘဲလေ” ဆိုပြီး ခွင့်လွှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ပြီးတော့ ဖြစ်ပေါ်လာတဲ့ပြဿနာကို တရားသဘောလေးနဲ့ ဖြေရှင်းတတ်သလို အမှားပြုသူ တစ်ဖက်သားကိုလည်း တရားနဲ့ပြန်ဖေးမ တတ်ပါတယ်။ ပြသနာတစ်ခုဖြစ်လာပြီဆိုရင် ကိုယ်ဖတ်ခဲ့၊ နာခဲ့၊ကျင့်ခဲ့တဲ့ တရားသဘောနဲ့ ပြန်ဖြေရှင်းရပါတယ်။ တကယ်လို့မတရားတဲ့ သဘောနဲ့ပြန် ဖြေရှင်းလိုက်ရင် မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။ တစ်ချို့   မတရားတဲ့ တုံ့ပြန်မှုတွေဟာ တစ်ဖက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားစေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ခက်သွားပါပြီ။ ဘ၀ဆိုတာ အမြဲအဆင်ပြေ မနေနိုင်ပါဘူး။တစ်ချိန်ချိန် ကာလတစ်ခုခုမှာ ကြီးမားတဲ့ အဆင်မပြေမှုကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ်ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။ ဘ၀မှာ ကိုယ်ကပါရမီ အချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ကိုယ့်ကြောင့် စိတ်ဒဏ်ရာရစေခဲ့ သူတွေပဲရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီအဆင်မပြေမှုတွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိတစ်ခုခုကို ရောက်သွားနိုင်ပါတယ်။ပုထုဇဉ်တွေရဲ့သဘောကကိုယ့်ရဲ့ အမှားကိုကိုယ်ပြန်မြင် ခဲကြပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကိုပါရမီ အချစ်နဲ့ချစ်သူ၊ဒါမှမဟုတ် မိတ်ကောင်းဆွေကောင်း တစ်ဦးဦးက ကိုယ့်အမှားကို မြင်ပြီးပြုပြင်ပေးတဲ့ အခါပြုပြင်ပေးတဲ့ အတိုင်းလက်ခံကျင့်သုံးရပါတယ်။ မိတ်ဆွေကောင်းတွေဥပေက္ခာ ပြုသွားအောင် ပြုပြင်ဖေးမမှုကို မျက်ကွယ်မပြုရပါဘူး အလေးအနက်ထား ကျင့်သုံးပေးရပါတယ်။ ဒီတော့ ပါရမီအချစ်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်နေတော့တာပါ။မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူတွေကို ထိုင်ပြီးပွားနေတာနဲ့ တင်မလုံလောက်သေးပါဘူး။ ထိုင်ပြီးပွားတာက ပွားမေတ္တာပါ ကံအနေနဲ့ပြောရင် မနောကံမေတ္တာပါ။ ပွားမေတ္တာနဲ့ အတူထား မေတ္တာကိုလည်း ကျင့်သုံးနိုင်ရပါမယ်။သူတစ်ပါး အကျိုးရှိစေမယ့် စကားလေးတွေ ပြောပြပေးတာ၊ သူတစ်ပါး အကျိုးရှိစေမယ့် အလုပ်ကလေးတွေ ပြုလုပ်ပေးတာ တွေပါ။ ကံအနေနဲ့ ပြောရင်တော့ ၀စီကံမေတ္တာနဲ့ ကာယကံမေတ္တာပါ။ဘယ်လို စကားမျိုးပဲ ပြောရပြောရ မေတ္တာနဲ့ပဲပြောပေးတာ၊ ဘယ်လိုအလုပ်မျိုးပဲ လုပ်ပေးရ၊ လုပ်ပေးရ မေတ္တာနဲ့ လုပ်ပေးတာ၊ မြန်မာလိုပြောရင် သူတစ်ပါးအကျိုး ငဲ့ငဲ့ပြီးပြောပေးတာ၊ သူတစ်ပါးအကျိုးငဲ့ငဲ့ပြီး လုပ်ပေးတာတွေပါ။ဒါတွေဟာ ထားမေတ္တာတွေပါပဲ။တစ်နေ့တစ်နေ့ လူမျိုးစုံနဲု့ ဆက်ဆံနေကြရတာ ဆိုတော့ကိုယ်က မေတ္တာပါပါလေးသာ ပြောဆိုပြုမူပေးရင် သူတစ်ဖက်သားမှာ အဆင်ပြေပြီး စိတ်တွေချမ်းသာ သွားတာပါ သူတင်လားဆိုတော့ ကိုယ်လည်းထပ်တူ စိတ်ချမ်းသာရ ပြန်တာပါ။ ကိုယ်ကျိုးကို ငဲ့ထားရင်စကားပြောရတာက အစပေါ့ပေါ့ပါးပါး မရှိတော့ပါဘူး။ဘာဖြစ်လို့လဲ ဆိုတော့ စကားပြောတဲ့ အခါတိုင်း “ငါ့အတွက်” ဆိုတာကြီးက ရင်ထဲမှာရှိနေတာ ဆိုတော့ပြောရတာ မလွတ်လပ်တော့ပါဘူး။ တကယ်တော့ ဒါတွေဟာ ဘာမှမခက်ပါဘူး။အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့“ ငါဒီနေ့ ဘယ်သူနဲ့ တွေ့တွေ့ မေတ္တာပါတဲ့ စကားလေးတွေပဲ ပြောပေးမယ်၊မေတ္တာပါတဲ့ အလုပ်ကလေးတွေပဲ လုပ်ပေးမယ်” လို့စိတ်ထဲက သုံးကြိမ်လောက် အဓိဠာန်ထားလိုက်ရင် လူတစ်ယောက်နဲ့ ဆက်ဆံလိုက်ရတာနဲ့ မေတ္တာဆိုတာ လေးကိုပြေးသတိရ တော့တာပါ။တစ်လလောက် လေ့ကျင့်ပြီး ကျင့်သုံးကြည့်လိုက်ရင် နောက်ပိုင်း ဆက်ဆံမှုတွေဟာ မေတ္တာပါပြီးသား ဖြစ်နေတော့မှာပါ။ တစ်ခုတော့ရှိပါတယ်။ ပုထုဇဉ်တွေ ဆိုတော့ကိုယ့်ရဲ့ စိတ်ဟာအမြဲတမ်းတော့ ဖြူဖွေးသန့်စင် မနေနိုင်ပါဘူး။တစ်ခါတလေ အာရုံဆိုးတစ်ခုခုကြောင့် ညစ်ထေးသွားတတ်တာ မျိုးလည်းရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ “ငါကမေတ္တာပါရမီ ဖြည့်ကျင့်ချင်သူ၊ငါကမေတ္တာပါရမီ ဖြည့်ကျင့်ချင်သူ”လို့ ဆက်ကာဆက်ကာလေး ဆင်ခြင်ပေးလိုက်ရင် ပါရမီဓာတ်တွေ ရင်ထဲကို ပြန်ရောက်လာတာ များပါတယ်။ အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီးလို့ အထိုက် အလျှောက် အောင်မြင်လာတဲ့အခါ ကွဲသွားတတ်ကြပါတယ်။ အဖြေရှာကြည့်ရင် မေတ္တာမပါလို့ပါ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် အချင်းချင်းအပေါ် ကာယကံမေတ္တာ၊ ၀စီကံမေတ္တာ၊မနောကံမေတ္တာ ဆိုတဲ့မေတ္တာသုံးပါးသာ အစဉ်သဖြင့်ထားနေရင် ကွဲစရာအကြောင်း မရှိတော့ပါဘူး။ “သူက မေတ္တာမထားပေမယ့် ကိုယ်က မေတ္တာထားနေရင်၊ ကိုယ်ကမေတ္တာ မထားနိုင်ပေမယ့် သူကမေတ္တာထားနေ ရင်လည်း မကွဲပါဘူး။ ”နှစ်ဦးစလုံးကိုက မေတ္တာမပါတဲ့ အတွက်ကွဲသွားကြတာပါ။ ဒီတော့ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်တင်နေစရာ မလိုတော့ဘဲ နှစ်ဦးနှစ်ဖက်စလုံးမှာ ကိုတာဝန်ရှိနေပါတယ်။အဖွဲ့အစည်းသေးသေးကနေ အဖွဲ့အစည်းအကြီးကြီး အထိမေတ္တာပါရမီ တွေပါနေဖို့သိပ်အရေးကြီးပါတယ်။ မေတ္တာမပါရင် တစ်နေ့ကွဲမှာပါ။ “နိုင်ငံတစ်ခု တိုးတက်ဖို့အတွက် ပါရမီအချစ်တွေ များများလိုပါ တယ်။ကိုယ့်နိုင်ငံကို တကယ်ချစ်တယ်၊ တကယ်တိုးတက် စေချင်တယ်ဆိုရင် ပါရမီအချစ်နဲ့ ချစ်နိုင်အောင် ကြိုးစားရပါမယ်” “ပါရမီအချစ်တွေရှိနေတဲ့ နိုင်ငံဟာ သိပ်ပြီးငြိမ်းချမ်းနေပါတယ်။ပါရမီအချစ်မရှိတဲ့ နိုင်ငံတွေမှာ တိုက်ကြခိုက်ကြနဲ့ အမြဲထိတ်လန့်နေကြရတာပါ။ ဒါကြောင့်လောကကြီး ငြိမ်းချမ်းဖို့အတွက် ပါရမီအချစ်တွေ အများကြီး လိုအပ်ပါတယ်။ ပါရမီအချစ်ရဲ့ သဘောက သူတစ်ပါး အကျိုးကိုငဲ့ပါတယ်။မိမိအကျိုးကို လုံးဝမငဲ့ပါဘူး။ ကိုယ်က အခြေခံသဘောလေးကို အာရုံပြုထားနိုင်ရပါမယ်။ ဒီတော့ပါရမီအချစ်နဲ့ ချစ်နိုင်ဖို့ အသက်ရှင်နေသူ တစ်ဦးချင်းစီမှာကို တာဝန်ရှိပါတယ်။ “အားလုံးအားလုံးဟာ ပါရမီအချစ်တွေနဲ့သာ ချစ်နေကြမယ်ဆိုရင် ရုပ်ဝထ္ထုတွေ အလျင်အမြန် မတိုးတက်ဦးတော့ စိတ်ပိုင်းဆိုင်ရာတော့ အစဉ်သဖြင့် ငြိမ်းအေးနေမှာပါ။ အဲဒီငြိမ်းအေးမှုကို အခြေခံပြီး ၀ိပဿနာ ဘက်ကိုကူးလိုက်ရင် တကယ့်ပန်းတိုင် အစစ်ရဲ့ လမ်းကြောင်းပေါ်ကို တန်းကနဲ ရောက်သွားတော့တာပါ။ ”သတ္တ၀ါ အားလုံး ပါရမီအချစ်တွေနဲ့ပဲ ချစ်နေနိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ “ဒါပေမယ့် မဖြစ်နိုင်သူတွေကြားမှာ ချစ်တဲ့စာဖတ်သူတစ် ယောက်ကတော့ ဖြစ်နိုင်သူတစ်ယောက် ဖြစ်နိုင်အောင် ကြိုးစားရပါမယ်။ ”ပါရမီအချစ်နဲ့ မချစ်ဖူးသေးလို့သာတခြားအာရုံတွေကို စိတ်ညွတ်နေကြတာပါ။ “ပါရမီအချစ်ကို ချစ်ဖူးပြီးသွားရင် ကုန်ခဲ့သမျှအချိန်တွေကိုတောင် ပြန်နောင်တရနေတော့မှာပါ။”  “ပုထုဇဉ် တွေဆိုတော့လည်း ကိလေသာလေးတွေက ရှိနေသေးတာဆိုတော့ အမြဲတမ်းပါရမီအချစ်နဲ့ ချစ်နေနိုင်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ပါရမီအချစ်နဲ့ နီးလိုက်ဝေးလိုက်တော့ ဖြစ်နေမှာပါ။ဒါပေမယ့် ကိုယ်ကအဲဒီ နီးနေတဲ့သဘောလေး ဝေးနေတဲ့သဘောလေးကို သတိနဲ့ပြန်သိနေဖို့ပါပဲ။” “ဘာပဲပြောပြော တွေ့ကြဆုံကြ အခိုက်လေးမှာ အပြန်အလှန်ကိုယ်စီ ပါရမီအချစ်ကလေးတွေနဲ့ ချစ်နေဖို့ပါပဲလေ။”                                                                        

ကျမ်းကိုး

၁။ မဟာဗုဒ္ဓ၀င်ပထမတွဲ၊ ပထမပိုင်း။ (တိပဋိကမင်းကွန်းဆရာတော်ဘုရား)၊

၂။ပါရမီတော်။ (တိပဋိကအရှင်သုမင်္ဂလာလင်္ကာရ)။

၃။ ဗုဒ္ဓ(သို့မဟုတ်) လောကသားတို့ရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်။(ဆရာကြီးဦးရွှေအောင်)

(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း-စက်တင်ဘာ၊၂၀၀၇။)

မှတ်ချက်။   ။ဤစာစဉ်ကို“ဆရာတော်ရဝေနွယ်(အင်းမ)”၏  “မြင့်မြတ်သူတို့ရဲ့ အလုပ်”စာအုပ်မှ မြင့်မြတ်သူတို့ရဲ့အလုပ်(၉)-

မေတ္တာပါရမီ”မှ ထုတ်နှုတ်မျှဝေ ကူးယူပူးဇော်ပါသည်။

0 comments:

Post a Comment