Pages

About KKK

KK ဆီရောက်လာသူများ

KK's Facebook

Monday, June 18, 2012

မြင့်မြတ်သောဥပေက္ခာ                 (၁၇.၆.၂၀၁၂)
 ‘မင်းကိုငါဥပေက္ခာပြုလိုက်ပြီ၊မင်းကိုလူတစ်ယောက်ကချောက်ထဲတွန်းချဖို့လုပ်နေတာတောင်
ငါလှမ်းမဆွဲတော့ဘူး၊မင်းဘာ သာမင်းသေချင်သေ၊ရှင်ချင်ရှင်၊ငါနဲ့ဘာမှမဆိုင်တော့ဘူး ’ ။    ငယ်ငယ်တုန်းကကြားဖူးတဲ့မိခင်တစ်ဦးရဲ့ဥပေက္ခာစကားပါ။ ကိုယ့်စိတ်တိုင်းကျပြောဆိုမရတဲ့ရင်နှစ်သည်းချာသားရတနာတစ်ဦးအပေါ်စိတ်ဆိုးနေတဲ့အခိုက်
ပြောလိုက်တာပါ။တကယ်တမ်းကိုယ့်သားကိုလူတစ်ယောက်ကချောက်ထဲတွန်းချဖို့လုပ်နေရင်တော့
မိခင်မေတ္တာနဲ့လှမ်းဆွဲမှာပါပဲ။တွန်းချသူကိုလှမ်းဆွဲလို့မရရင်တောင်ရှောင်တိမ်းထွက်ပြေးဖို့တော့
သားကိုလှမ်းအော်သတိပေးမိမှာပါပဲ။ ‘ 

နင်ငါ့ကိုဥပေက္ခာပြုလိုက်ပြီးလားဟာ၊နင့်ကိုငါဘယ်လောက်ချစ်တယ်ဆိုတာနင်သိရက်သားနဲ့၊
ငါ့ရင်ထဲကခံစားချက်တွေကိုနင်နည်းနည်းလောက်တော့အသိအမှတ်ပြုသင့်ပါတယ်မိမိုးရယ်’ ။ ကျောင်းသားဘ၀တုန်းကမှတ်စုစာအုပ်ကြားမှာရည်းစားစာညှပ်ပြီးစာအုပ်ချင်းလဲလို့စာပေးစာယူ
အချစ်နဲ့အပြန်  အလှန်ချစ်ပွဲဝင်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက်ထဲကသူငယ်ချင်းကောင်မလေးဆီကို
သူငယ်ချင်းကောင်လေးရေးလိုက်တဲစာသားတစ်ခုပါ။ခုပဲချစ်လိုက်၊
ခုပဲမုန်းလိုက်နဲ့မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်မှာ
အချစ်လည်းမတည်ငြိမ်သေး၊အမုန်းလည်းမတည်ငြိမ်သေးပါဘူး။

‘ဥပေက္ခာ’ဆိုတဲ့စကားလုံးကို ‘လျစ်လျူရှုခြင်း’လို့ပဲမြန်မာလိုပြန်ခဲ့ကြတော့လူတစ်ယောက်ကိုဥပေက္ခာပြုတယ်ဆိုတာအဲဒီလူ  အကြောင်းကောင်းကောင်း၊ဆိုးဆိုးဘာမှမစဉ်စားတော့တာ၊အဲဒီလူနဲ့ဘာအကြောင်းကိစ္စရှိရှိ
လုံးဝမပတ်သတ်တော့တာလို့ငယ်ငယ်တုန်းကထင်မြင်ယူဆခဲ့မိပါတယ်။

သာသနာ့ဘောင်ရောက်လို့ဘုရားဟောပိဋကတ်စာပေတွေလေ့လာရတော့မှဟိုလူနဲ့ မပတ်သတ်ချင်၊ဒီလူနဲ့မပတ်သတ်ချင်၊ဟိုလူနဲ့အဆက်ဖြတ်၊ဒီလူနဲ့အဆတ်ဖြတ်၊
ဟိုလူ့အကျိုးလည်းဆောင်ရွက်မပေး၊ဒီလူ့အကျိုးလည်းဆောင်ရွက်မပေးဆိုတာတွေဟာ ‘ဥပေက္ခာမဟုတ်ဘူး၊ဒေါသ’ ဆိုတာသိလာရပါတယ်။လူတစ်ယောက်ကိုနာကျည်းမုန်း    တီးလွန်းလို့အဲဒီလူနဲ့လုံးဝမပတ်သတ်တော့ဘူးလို့ဆုံးဖြတ်လိုက်တာ၊ဆုံးဖြတ်တဲ့အတိုင်းလည်း
အဲဒီလူနဲ့ကောင်းကောင်းဆိုးဆိုးဘာမှမပတ်သတ်တော့တာဟာဥပေက္ခာမဟုတ်ပါဘူး။ဒေါသပါ။

 မြန်မာ့လူမှုနယ်ပယ်မှာသုံးနှုန်းနေကျမို့ဥပေက္ခာလို့သုံးနှုန်းချင်သ ပဆိုရင်လည်းအဲဒီဂရုမစိုက်တဲ့ဥပေက္ခာဟာ ‘ဒေါသဥပေက္ခာ’ပါ။ ‘ဒေါသဥပေက္ခာ’ဆိုတဲ့ ‘ဥပေက္ခာအ၀န်းအ၀ိုင်း’ထဲမှာလည်ပတ်လှုပ်ရှားနေတဲ့သူဟာမြင့်မြတ်တဲ့သူမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ဒေါသဥပေက္ခာဟာ ‘မြင့်မြတ်သောဥပေက္ခာ’မဟုတ်လို့ပါပဲ။

မေတ္တ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာလို့ဗြဟ္မစိုရ်တရားလေးပါးရှိပါတယ်။
မေတ္တာဆိုတာသူတစ်ပါးကောင်းကျိုးကိုလိုးလားတဲ့  သဘော၊
ကရုဏာဆိုတာသူတစ်ပါးဆိုးကျိုးကိုဖယ်ရှားပေးချင်တဲ့သဘော၊
မုဒိတာဆိုတာသူတစ်ပါးကောင်းစားနေတာကို  ၀မ်းမြောက်တဲ့သဘော၊
ဥပေက္ခာဆိုတာသူတစ်ပါးရဲ့ကောင်းကျိုးဆိုးကျိုးဟာသူတစ်ပါးရဲ့ကောင်းကံ၊ဆိုးကံအပေါ်မှာပဲမူတည် တယ်လို့နှလုံးသွင်းဆင်ခြင်တဲ့သဘောပါပဲ။

 ‘ဗြဟ္မစိုရ်’ဆိုတာ ‘ဗြဟ္မစရိယ’ဆိုတဲ့ပါဠိကိုပါဠိသက်ဝေါဟာရအဖြစ်နဲ့မြန်မာမှုပြုထားတာပါ။ ‘မြင့်မြတ်သောအကျင့်’လို့အဓိပ္ပာယ်ရပါတယ်။
 စိတ်နေစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တိုင်းမေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ ဆိုတဲ့အကျင့်တရားလေးပါးကိုအစွမ်းရှိသမျှလက်ကိုင်ကျင့်သုံးကြပါတယ်။

မေတ္တာဗြဟ္မစိုရ်ကျင့်သုံးတဲ့သူဟာကိုယ်နဲ့လည်းသူတစ်ပါးကောင်းကျိုးကိုဆောင်ရွက်ပေး၊
နှုတ်နဲ့လည်းသူတစ်ပါးကောင်းကျိုး ဖြစ်မယ့်စကား၊သူတစ်ပါးစိတ်ချမ်းသာမယ့်စကားပြောဆိုပေး၊
စိတ်နဲ့လည်းသူတစ်ပါးကောင်းကျိုးရစေကြောင်း၊သူတစ်ပါး စိတ်ချမ်းသာစေကြောင်းဆုတောင်းမေတ္တာပို့သပေးနေရပါတယ်။
ကာယကံမေတ္တာ၊၀စီကံမေတ္တာ၊မနော်ကံမေတ္တာဆိုတဲ့မေတ္တာကံသုံးမျိုးလုံးပြည့်စုံမှ
မေတ္တာဗြဟ္မစိုရ်ကျင့်သုံးရာရောက်ပါတယ်။

ကရုဏာဗြဟ္မစိုရ်ကျင့်သုံးတဲ့သူဟာကိုယ်နဲ့လည်းသူတစ်ပါးဒုက္ခလွတ်အောင်ကူညီဆောင်ရွက်ပေး၊
နှုတ်နဲ့လည်းသူတစ်ပါးဒုက္ခလွတ်အောင်ဖြေရှင်းစောင့်ရှောက်ပေး၊စိတ်နဲ့လည်းသူတစ်ပါးဒုက္ခ လွတ်စေကြောင်းဆုတောင်းကရုဏာပို့သပေးနေရပါတယ်။
ကာယကံကရုဏာ၊၀စီကံကရုဏာ၊မနောကံကရုဏာဆိုတဲ့ကရုဏာ  သုံးမျိုးလုံးပြည့်စုံမှကရုဏာဗြဟ္မစိုရ်ကျင့်သုံးရာရောက်ပါတယ်။

မုဒိတာဗြဟ္မစိုရ်ကျင့်သုံးတဲ့သူဟာကိုယ်နဲ့လည်းသူတစ်ပါးကြီးပွားသည်ထက်ကြီးပွားအောင်
ကူညီဆောင်ရွက်ပေး၊နှုတ်နဲ့လည်းသူတစ်ပါးကြီးပွားသည်ထက်ကြီးပွားအောင်ဖြေရှင်းစောင့်ရှောက် ပေး၊စိတ်နဲ့လည်းသူတစ်ပါးကြီးပွားသည်ထက်ကြီးပွားပါစေကြောင်းဆုတောင်းမုဒိတာပို့သရပါတယ်။
ကာယကံမုဒိတာ၊၀စီကံမုဒိတာ၊မနောကံမုဒိတာဆိုတဲ့မုဒိတာသုံးမျိုးလုံးပြည့်စုံမှ
မုဒိတာဗြဟ္မစိုရ်ကျင့်သုံးရာရောက်ပါတယ်။

တစ်ခါတစ်ရံမှာမေတ္တာ၊   ကရုဏာ၊မုဒိတာနဲ့ကိုယ်ဘယ်လိုမှအကူအညီပေးလို့မရတော့တဲ့ကိစ္စမျိုးတွေ
၊အဖြစ်အပျက်မျိုးတွေကြုံတွေ့ရတတ်ပါတယ်။အဲဒီ  လိုအခါမျိုးမှာကိုယ်၊နှုတ်၊စိတ်နဲ့ဘာမှအကူအညီပေးမနေတော့ဘဲကံတရားအတိုင်းပါပဲ၊
ကံစီမံသလိုဖြစ်ရတာပါပဲ။

သူအခုလိုဖြစ်ရတာသူရဲ့ကံတရားကြောင့်ပဲလို့ 
‘ကံ..ကံရဲ့အကျိုးကိုနှလုံးသွင်းဆင်ခြင်ပြီးစိတ်အေးချမ်းတည်ငြိမ်အောင်နေတတ်ရပါတယ်။

ဒါဆိုရင်ဥပေက္ခာဗြဟ္မစိုရ်ကိုကျင့်သုံးရာရောက်ပါတယ်။
မေတ္တာပဲပွားပွား၊ကရုဏာပဲပွားပွား၊မုဒိတာပဲပွားပွား၊ဥပေက္ခာနဲ့တွဲပွားမှပြည့်စုံနိုင်ပါတယ်။

ဥပေက္ခာမပါတဲ့မေတ္တာ၊ဥပေက္ခာမပါတဲ့ကရုဏာ၊
ဥပေက္ခာမပါတဲ့မုဒိတာဟာစစ်မှန်ပြည့်ဝတဲ့စိတ်အေးချမ်းမှုကိုမပေးဘဲ
လမ်းကြောင်းကွေ့ကောက်အစွန်းရောက်သွားတတ်ပါတယ်။

မေတ္တာထားရာ၊မေတ္တာပွားရာမှာ၊ဥပေက္ခာမပါရင်မေတ္တာဟာရာဂဘက်အစွန်းရောက်သွားတတ်ပါတယ်။
ကရုဏာထားရာ၊ကရုဏာပွားရာမှာဥပေက္ခာမပါရင်ကရုဏာဟာဒေါသဘက်အစွန်း ရောက်သွားတတ်ပါတယ်။
မုဒိတာထားရာမုဒိတာပွားရာမှာဥပေက္ခာမပါရင်မုဒိတာဟာမာနဘက်အစွန်းရောက်သွားတတ်ပါတယ်။

အစွန်းရောက်သွားတဲ့မေတ္တာ၊ကရုဏာ၊မုဒိတာကကာယကံရှင်ကိုငြိမ်းအေးချမ်းမြေ့မှုတွေမပေးဘဲ
ဲစိုးရိမ်ပူပန်မှုသောက၊ ၀မ်းနည်းပူဆွေးငိုကြွေးမှုပရိဝေဒ၊ကိုယ်ဆင်းရဲမှုဒုက္ခ၊စိတ်ဆင်းရဲမှုဒေါမနဿ၊
အပြင်းအထန်ပူပန်မှုဥပါယာသတွေပဲပေးပါလိမ့် မယ်။

မေတ္တာနဲ့ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်းသူရတာမဟုတ်,သူကံရှိမှသူရတာ၊
ကရုဏာနဲ့ကိုယ်ဆင်းရဲလွတ်စေချင် တိုင်းလည်းသူလွတ်တာမဟုတ်,သူကံရှိမှသူလွတ်တာ၊
မုဒိတာနဲ့ကိုယ်ချမ်းသာမြဲစေချင်တိုင်းလည်းသူမြဲတာမဟုတ်,သူကံရှိမှသူ မြဲတာလို့သူနဲ့ကံတရား၊
ကံတရားနဲ့သူအကြောင်းအကျိုးဆက်စပ်ပြီးလည်ပတ်နေတာကိုအမြဲဆင်ခြင်ညဏ်သက်ဝင်ပြီးထာဝစဉ်   ကံသတိ၊ကံအသိရှိနေမယ်ဆိုရင်ကိုယ်ဖြစ်စေချင်တိုင်းဖြစ်မလာလို့မကျေမနပ်ဖြစ်ရတာတွေ၊
ဝမ်းနည်းပမ်းနည်းစိတ်ဆင်းရဲရတာတွေရှိမှာမဟုတ်တော့ပါဘူး။

မေတ္တာနဲ့ ‘ကူ’နိုင်တဲ့ကိစ္စကူပါ၊ကရုဏာနဲ့ ‘ထူ’နိုင်တဲ့ကိစ္စထူပါ၊မုဒိတာနဲ့ ‘လူ’နိုင်တဲ့ကိစ္စလူပါ။ မကူနိုင်,မထူနိုင်,မလူနိုင်တဲ့  ကိစ္စမျိုးတွေကူတိုင်းမဖြစ်,ထူတိုင်းမဖြစ်,လူတိုင်းမဖြစ်တဲ့ကိစ္စမျိုး
တွေမှာတော့ ‘ကူ’မနေပါနဲ့၊ ‘ထူ’မနေပါနဲ့၊ ‘လူ’မနေပါနဲ့။ 
‘ကူ’   ‘ထူ’ ‘လူ’နေရင် ‘ပူ’ရုံ၊ ‘ငူ’ရုံ၊ ‘ဆူ’ရုံ၊ ‘ညူ’ရုံပဲရှိပါလိမ့်မယ်။

သူ့ထိုက်နဲ့သူကံပဲလို့ကံတရားဘက်ကိုပဲမျက်နှာ ‘မူ’ နေလိုက်ပါတော့။  ‘သတ္တ၀ါတွေရဲ့ကိုယ်ပိုင်ဥစ္စာဟာကံတရားပဲ၊ကောင်းကံပြုခဲ့ရင်ကောင်းကျိုးရမယ်
၊ဆိုးကံပြုခဲ့ရင်ဆိုးကျိုးရမယ်၊ကောင်းကံကြောင့်ကောင်းကျိုးအမွေခံစားရမယ်၊
ဆိုးကံကြောင့်ဆိုးကျိုးအမွေခံစားရမယ်၊

ကံသာအမိ,ကံသာအဖ၊ကံသာမိတ်ဆွေ,ကံသာဆွေမျိုး’ လို့ကံနဲ့သတ္တ၀ါ,သတ္တ၀ါနဲ့ကံ၊မကွဲမပြားတစ်သားတည်းဖြစ်နေတာကိုအမြဲမပြတ်သုံးသပ်ဆင်ခြင်နေတာဟာ
ဗြဟ္မစိုရ်ဥပေက္ခာကိုပွားများနေတာပါပဲ။ဗြဟ္မစိုရ်ဥပေက္ခာပွားများခြင်းကြောင့်အကုသိုလ်ကံတွေက
ိုရှောင်ကြဉ်တဲ့စိတ်၊ကုသိုလ်ကံတွေကိုပြုလုပ်ချင်တဲ့စိတ်ထက်သန်လာပါတယ်။
ထက်သန်လာတဲ့အတိုင်းလည်းရှောင်ကြဉ်ဖြစ်၊ပြုလုပ်ဖြစ်လို့အကုသိုလ်ကံတွေနည်းပါးပြီး ကုသိုလ်ကံတွေတိုးပွားလာပါတယ်။

ကိုယ်ခံစားခွင့်မရှိတဲ့စည်းစိမ်ချမ်းသာတွေကိုခံစားချင်တဲ့စိတ်လည်းဆိတ်သုဉ်းသွားပါတယ်။
ကိုယ်မရနိုင်တဲ့အခွင့်အရေးတွေကိုမျှော်လင့်တောင့်တနေတာမျိုးလည်းကင်းရှင်းသွားပါတယ်။ကိုယ့်ဘ၀ရဲ့အဆင်မပြေမှု၊ကိုယ့်အသိုင်းအ၀ိုင်းရဲ့အဆင်မချောမှုတွေနဲ့တွေ့ကြုံလာတဲ့အခါမှာလည်းစိတ်အေးချမ်းတည်ငြိမ်အောင်နေထိုင်နိုင်လာပါတယ်။ အကောင်းအဆိုးဘယ်လောကဓံမျိုးကိုမဆိုအပြုံးမပျက်ခံနိုင်ရည်ရှိလာပါတယ်။

 ‘ဗြဟ္မစိုရ်ဥပေက္ခာ’ဆိုတဲ့ ‘ဥပက္ခေအ၀န်းအ၀ိုင်း’  ထဲမှာလည်ပတ်လှုပ်ရှားနေတဲ့သူဟာမြင့်မြတ်တဲ့သူပါ။ဘာလို့လဲဆိုတော့ဗြဟ္မစိုရ်ဥပေက္ခာဟာ ‘မြင့်မြတ်သောဥပေက္ခာ’ဖြစ်လို့ပါပဲ။

မြင့်မြတ်စွာဥပေက္ခာပြုနိုင်ကြပါစေ။(ဆရာမြသန်းစံ၏ ‘ဥပေက္ခာအ၀န်းအ၀ိုင်း’စာအုပ်အမှာစာ)
                                                                                                           ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

အခုတလောကျွန်မအနေနဲ့ခံစားရတာတွေ၊တရားလက်လွတ်မိတာတွေအဖြစ်များလာတဲ့အခါ
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိပါတယ်။အဲအချိန်တရားနာတဲ့အလေ့အကျင့်ပြန်လုပ်၊တရားစာတွေပြန်ဖတ်ပါတယ်။

အမြဲဆရာတော်အရှင်ဆန္ဒာဓိကရဲ့စာပေတွေ ကဖတ်နေကျမို့ပြန်ဖတ်မိတဲ့အခါအခုမြင့်မြတ်သောဥပေက္ခာဆိုတဲ့ဆရာတော်စာစုလေးဖတ်မိတဲ့အခါ
တော်တော်လေးအေးချမ်းသွားပါတယ်..

ဆရာတော်ရေးသားတဲ့ “အကောင်းအဆိုးဘယ်လောကဓံမျိုးကိုမဆိုအပြုံးမပျက်ခံနိုင်ရည်ရှိလာပါတယ်” ကိုသ ဘောပေါက်နားလည်မိလာတယ်…

ဖတ်နေတုန်းခဏနားလည်အေးချမ်းသလိုမဖြစ်ဘဲအချိန်တိုင်းမိမိစိတ်အေးချမ်းဖို့ရာကသတိ  ဆိုတဲ့စိတ်လေးကပ်ဖို့ကြိုးစားရမယ်မဟုတ်ပါလားရှင်…

နောက်တခုကကျွန်မအနေနဲ့ကျွန်မမကူနိုင်၊မထူနိုင်၊မလူနိုင်တဲ့အနေအထားလေးတွေမှာ.. “ဆရာတော်ဆုံးမတဲ့ မေတ္တာနဲ့ ‘ကူ’နိုင်တဲ့ကိစ္စကူပါ၊ကရုဏာနဲ့‘ထူ’နိုင်တဲ့ကိစ္စထူပါ၊မုဒိတာနဲ့‘လူ’နိုင်တဲ့ ကိစ္စလူပါ။ 

မကူနိုင်,မထူနိုင်,မလူနိုင်တဲ့ကိစ္စမျိုးတွေကူတိုင်းမဖြစ်,ထူတိုင်းမဖြစ်,လူတိုင်းမဖြစ်တဲ့ကိစ္စမျိုးတွေမှာတော့ ‘ကူ’မနေပါနဲ့၊ ‘ထူ’မနေပါနဲ့၊ ‘လူ’မနေပါနဲ့။ ‘ကူ’   ‘ထူ’ ‘လူ’နေရင် ‘ပူ’ရုံ၊ ‘ငူ’ရုံ၊ ‘ဆူ’ရုံ၊ ‘ညူ’ရုံပဲရှိပါလိမ့်မယ်။ 

သူ့ထိုက်နဲ့သူကံပဲလို့ကံတရားဘက်ကိုပဲမျက်နှာ ‘မူ’ နေလိုက်ပါတော့။” လို့နှလုံးသွင်းဆင်ခြင်မိနေပါတယ်ရှင်…….

                                     မေတ္တာဖြင့်
                                                                        ကေခိုင်ကျော်

မှတ်ချက်။   ။ဤစာစဉ်ကိုဆရာမြသန်းစံ၏ “ဥပေက္ခာအ၀န်းအ၀ိုင်း”စာအုပ်အမှာစာတွင်ပါဝင်သော
‘ဆရာတော်အရှင်ဆန္ဒာဓိက’ ၏ “မြင့်မြတ်သောဥပေက္ခာ”စာစုမှထုတ်နှုတ်ကူးယူမျှဝေပါသည်။
ဓမ္မမိတ်ဆွေများအားလုံးချမ်းသာအေမြကြပါစေရှင်…    

 ဆရာတော်စာအုပ်လေးကပုံလေးသဘောကျလို့လိုက်ရှာထားတာ....

0 comments:

Post a Comment